ရွှေဖီမြေ၊ ဇူလိုင် ၈ ရက်၊ ဂွ
အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်ကို စစ်ကောင်စီတပ်က ရေကြောင်းကနေ လက်နက်ကြီး ၈၇ ကြိမ်အထိ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဇူလိုင် ၈ ရက် မနက် ၇ နာရီကနေ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အထိ စစ်ကောင်စီတပ်ဟာ ဂွကမ်းခြေနဲ့ ဧရာဝတီတိုင်း ဘောမိကမ်းခြေ တစ်လျှောက်ကို စစ်သင်္ဘော (၄) စီးပေါ်ကနေ လက်နက်ကြီး အကြိမ်အရေအတွက် (၈၇) ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ ဂွမြို့နယ် ကျိန္တလီမြို့ အမှတ် (၃) ရပ်ကွက်က အသက် ၅ နှစ်အရွယ် မရတနာထွန်း၊ အသက် ၄၅ နှစ် ဒေါ်မထား၊ အသက် ၇၄ နှစ် ဒေါ်သန်းမေ၊ အသက် ၄၈ နှစ် ဦးညိုထွန်း၊ အသက် ၁၇ နှစ် မသင်းသီရိထွန်းနဲ့ အသက် ၅၀ နှစ် ဒေါ်မိဝိုင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ရခိုင်- ဧရာဝတီ အစပ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က စခန်းကုန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ခဲ့ရသလို အထိနာနေပြီး ဂွမြို့မှာရှိတဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဒေသခံလူထု နေထိုင်တဲ့ နေရာကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ၊ ရေကြောင်းကနေလည်း စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာ တောက်လျှောက်ပြုလုပ်နေတာလို့ AA က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက် နေ့လယ် ၃ နာရီကလည်း ကျောက်တော်မြို့ပေါ်က ဒေသခံတွေ နေထိုင်တဲ့ ရပ်ကွက်နဲ့ လမ်းမတော်ရွာက ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာ ၄ စီးနဲ့ တစ်နာရီနီးပါးကြာအောင် တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ဦး သေဆုံးပြီး ၁၉ ဦးထက်မနည်း ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။