မြတ်နိုး၊ ဇူလိုင် ၈၊ မြစ်ကြီးနား
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနား – ကံပိုင်တည်လမ်းမကြီးပေါ်က ဆဒုံးအနီးရှိ လမ်းမကြီးဟာ မနေ့ ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းမှာ ပြိုသွားလို့ ကားတွေ သွားလာမရတော့ကြောင်း ကုန်တင်ယာဉ်မောင်း တွေဆီက သိရပါတယ်။
“ဟုတ်တယ်၊ ဆဒုံး ဆီဆိုင်နားမှာ လမ်းပြိုသွားတာ။ လမ်းက ကားတွေသွားလို့ မရတော့ဘူး။ ကားတွေလည်း ပိတ်မိနေတာ ဟုတ်တယ်။ လမ်းကလုံးဝ သွားလို့မရတော့တာ။ လမ်းဘေးကနေ အသစ် ဖောက်မှပဲ အဆင်ပြေတော့မယ်”လို့ ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
လက်ရှိ လမ်းပြိုနေတဲ့ နေရာ အနီးတွေမှာလည်း ကွဲအက်နေပြီ ဖြစ်ပြီး ဆက်ပြိုမယ့် အခြေအနေ ရှိနေတယ်လို့ သူက ပြောပါတယ်။
“အဲဒီ မြစ်ကြီးနား – ကံပိုင်တည် လမ်းမကြီး ပေါ်က လုကြည်နားမှာလည်း တောင်ပြိုလို့ လမ်းပိတ်သွားတယ်။ စက်တွေနဲ့ တော့ ရှင်းနေတယ်” လို့ နောက်ထပ် ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
အဲဲမ်လမ်းတစ်လျှောက်မှာ မိုးတွေ အဆက်မပြတ် ရွာသွန်းနေတာကြောင့် မြေပြို၊ လမ်းပြိုတာတွေ မကြာခဏ ဖြစ်ပွားနေတာလို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသ နဲ့ ဇလဗေဒ ဌာနကတော့ ကချင်ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းတာတွေ၊ လေပြင်းတိုက်ခတ်တာနဲ့ မိုးကြိုးပစ်တာတွေ ပါဖြစ်ပေါ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။