ရွှေဖီမြေ၊ မေလ ၁ ရက်၊ အင်းတော်
တော်လှန်ရေးတပ်တွေ ၈ လ ဝန်းကျင်ကြာ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့ကို စစ်ကောင်စီတပ်က မနေ့ ဧပြီ ၃၀ ရက် နေ့လယ်မှာ အလုံးစုံ သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ကောင်စီတပ် ဝါဒဖြန့်သူတွေက ရေးသားဖော်ပြနေကြပါတယ်။
စစ်ကောင်စီတပ်ဟာ ဧပြီလ နောက်ဆုံးပတ်ကတည်းက အင်းတော်မြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ ကသာမြို့နဲ့ အင်းတော်နဲ့ ၆ မိုင်သာဝေးတဲ့ နဘားလမ်းဆုံကနေ စစ်ကြောင်းအပြင် လေကြောင်းနဲ့ပါ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေရဲ့ အလောင်းနဲ့ လက်နက်အများအပြားကိုလည်း စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့် တယ်လီဂရမ်တွေမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကြောင့် မော်လူး၊ နန်းမကြိုင်း၊ နဘား၊ ကမ်းနီ၊ နန်းရခေါင်၊ ကြံတောနဲ့ နန်းတောင်စတဲ့ ကျေးရွာက ဒေသခံ ၅,၀၀၀ ကျော်ကလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိုပါတယ်။
အင်းတော်မြို့ဟာ စစ်ကိုင်းနဲ့ ကချင်နယ်စပ် ရွှေဘို-မြစ်ကြီးနား လမ်းမပေါ်ရှိပြီး ကချင်တပ်မတော် KIA နဲ့ တော်လှန်ရေးတပ်တွေရဲ့ အရေးပါတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
အင်းတော်မြို့ကို ၂၀၂၅ ဧပြီလမှာ ကျောင်းသားတပ်ဖွဲ့ ABSDF နဲ့ NUG လက်အောက်ခံ PDF တွေက တိုက်ခိုက်သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။