ရွှေဖီမြေ၊ ဇွန်လ ၂ ရက်
ရှမ်းမြောက်မှာ ဒီ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ ၅ လအတွင်း ရွှေဖီမြေ ပြုစုထားတဲ့ စာရင်းအရ မြေမြှုပ်မိုင်းတွေကြောင့် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ မြေမြှုပ်မိုင်းကြောင့် နောင်ချိုမြို့နယ်က ကလေး ၁ ဦး၊ လားရှိုးက အမျိုးသား ၁ ဦးနဲ့ ဧပြီလမှာ နောင်ချိုမြို့နယ်က အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလထဲမှာပဲ နောင်ချိုမြို့နယ်က အမျိုးသမီး ၅ ဦး၊ မူဆယ်မြို့နယ်က အမျိုးသား ၁ ဦးနဲ့ မိုးကုတ်မြို့နယ်က အမျိုးသား ၁ ဦး ခြေတစ်ဖက်စီ ဖြတ်တောက်လိုက်ရတဲ့အထိ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ မတ်လမှာလည်း မြေမြှုပ်မိုင်း နင်းမိမှုကြောင့် နောင်ချိုမြို့က အမျိုးသား ၂ ဦးနဲ့ နမ့်ဖတ်ကာက အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာအပြင် ဧပြီလထဲမှာတော့ နောင်ချိုမြို့နယ်က အမျိုးသား ၁ ဦးနဲ့ လားရှိုးမြို့နယ်က အမျိုးသား ၂ ဦးလည်း ခြေပြတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မေလ တစ်လအတွင်းမှာလည်း မြေမြှုပ်မိုင်းတွေကြောင့် နောင်ချိုမြို့နယ်ထဲက အမျိုးသား ၄ ဦး ခြေပြတ် လက်ပြတ်ဒဏ်ရာတွေ ရရှိထားပြီး ရရှိထားတဲ့ အချက်အလက်တွေအရ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခံစားရတဲ့အထဲမှာ နောင်ချိုမြို့နယ်က အများဆုံး ဖြစ်ကြောင်း သိရပါတယ်။
ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်းမှာလည်း မြေမြှုပ်မိုင်းကြောင့် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၉ ဦး သေဆုံးခဲ့ရပြီး နောက်ထပ် ကလေး ၆ ဦးအပါအဝင် ၂၇ ဦးက ထိခိုက်ဒဏ်ရာအသီးသီး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
နယ်ခံတွေ အတော်များများ မြေမြှုပ်မိုင်း နင်းမိတဲ့ နေရာအများစုမှာ စစ်ကောင်စီရဲ့ တပ်စခန်းအနီးတဝိုက်တွေနဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။