သုတ၊ မတ်လ ၅ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့မှာ စက်သုံးဆီကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေပြီး လမ်းဘေးမှာ ဗူးအလိုက် ရောင်းချသူတွေ တစ်လီတာကို ၁ သောင်းခွဲကျပ်ဝန်းကျင်အထိ ရောင်းနေတယ်လို့ လားရှိုးဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ပန့်ဆီဆိုင်မှာ စက်သုံးဆီ တစ်လီတာကို ၅ ထောင်နဲ့ ရောင်းချနေပြီး ကားတစ်စီးကို ၃ သောင်း၊ ဆိုင်ကယ်တစ်စီးကို ၅ ထောင်သာ ရောင်းချပေးတယ်လို့ ဒီနေ့ မတ်လ ၅ ရက်မှာ ဆီထည့်ဖို့ စောင့်ဆိုင်းနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဆီရဖို့ နှစ်နာရီလောက် တန်းစီရတယ်။ ဆိုင်ကယ် တစ်စီးကို ၅ ထောင်ပဲ ထည့်ပေးတာ။ ကားဆိုရင် ၃ သောင်း ထည့်ပေးတယ်။ အပြင်မှာ ပြန်ရောင်းတဲ့သူတွေလည်း တစ်လီတာတောင် မပြည့်ဘူး။ တစ်သောင်းခွဲ၊ တစ်သောင်းရှစ်ထောင်လောက် ပေးနေရတာ”
လားရှိုးမြို့အပါအဝင် နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲနဲ့ ကွတ်ခိုင်မြို့မှာလည်း စက်သုံးဆီ ပြတ်လပ်တဲ့ပြဿနာ ရင်ဆိုင်နေရပြီး ဆီကို အကန့်အသတ်နဲ့သာ ဝယ်ယူနေရပါတယ်။
ကျောက်မဲမြို့မှာတော့ စက်သုံးဆီ တစ်လီတာကို ၃,၆၀၀ ကျပ် ပေးရပြီး ဆိုင်ကယ်ကို ၅ ထောင်၊ ကားကို ၅ သောင်းသာ ထည့်ပေးတယ်လို့ ကျောက်မဲမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တစ်ဖက်မှာလည်း တရုတ်နိုင်ငံကနေ ပြည်ပနိုင်ငံတွေဘက် စက်သုံးဆီ ရောင်းချခွင့် ပိတ်လိုက်ကြောင်း သတင်းထွက်ပေါ်နေပါတယ်။
စစ်ကောင်စီကတော့ မြန်မာနိုင်ငံမှာ စက်သုံးဆီ ရက်ပေါင်း ၄၀ စာ ကျန်ရှိနေသေးပြီး စက်သုံးဆီ ချွေတာဖို့ အိမ်သုံးကားနဲ့ ဆိုင်ကယ်ကို ကား၊ ဆိုင်ကယ် နံပါတ် “စုံ၊ မ” ခွဲပြီး တစ်ရက်ခြား မောင်းနှင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။