ရွှေဖီမြေ၊ မေလ ၂၃ ရက်၊ တာချီလိတ်
ရှမ်းအရှေ့ တာချီလိတ်မြို့နယ်နဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆၀ ဦး ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ လက်အောက်ခံ မီဒီယာတွေက မနေ့ မေလ ၂၂ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
မနေ့ မေလ ၂၂ ရက် မနက်မှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တာချီလိတ်မြို့ရဲ့ အနောက်မြောက်ဘက် မီတာ ၇၈၀၀ ခန့်အကွာ လွယ်စတုံကျေးရွာအုပ်စု ပန်စလိရွာက နေအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၃၃ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျားဖြန့်လုပ်ရာမှာ အသုံးပြုတဲ့ All in One ကွန်ပျူတာ ၃၂ လုံး၊ စားပွဲ ၂၀ လုံး၊ ထိုင်ခုံ ၃၅ လုံးလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
အလားတူ မနေ့ မေလ ၂၂ ရက် မနက်မှာလည်း မြဝတီမြို့နယ် မယ်ထော်သလေးရွာရဲ့ အနောက်မြောက်ဘက် အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား ၂၇ ဦးနဲ့အတူ All in One ကွန်ပျူတာ ၄ လုံး၊ မော်နီတာ ၁၄ လုံး၊ CPU အလုံး ၂၀ နဲ့ ဖုန်းမျိုးစုံ ၄၃ လုံးလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
မေလ ၂၀ ရက် မနက် ၁၁ နာရီခန့်ကလည်း မိုင်းခတ်မြို့နယ် ဖားငင်ရွာအနီးမှာ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး တရားမဝင် အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူ တရုတ်နိုင်ငံသား ၅၀ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၆ ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီးတစ်ဦး စုစုပေါင်း ၆၂ ဦး ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက မေလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်တပ်က ကျားဖြန် လုပ်ကိုင်သူတွေကို ဖမ်းဆီးရမိကြောင်း မကြာခဏ ထုတ်ပြန်နေပေမဲ့ စစ်ကောင်စီ ထိန်းချုပ်ဒေသတွေမှာ ဌာနဆိုင်ရာထံ အခွန်အခ ပေးဆောင်ပြီး ဖွင့်လှစ်နေတဲ့ ကျားဖြန်လုပ်ငန်း အများစု ရှိနေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။