ပပ၊ မေလ ၂၄ ရက်၊ ပြင်ဦးလွင်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ရှမ်းမြောက်ကနေလာတဲ့ ကုန်တင်ယာဉ်တွေဟာ တရုတ်ကုန် တင်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျပ်သိန်း ၁၀၀ အထိ စစ်ကောင်စီနဲ့ ဌာနဆိုင်ရာတွေက တောင်းခံနေကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ ကားသမားရဲ့ ပြောပြချက်အရ သိရပါတယ်။
မေလ ၂၀ ရက် ည ၉ နာရီခန့်မှာ လားရှိုးကနေ မန္တလေးဘက် စားသောက်ကုန်တချို့နဲ့ လူသုံးကုန်ပစ္စည်းတင်တဲ့ ၆ ဘီးနဲ့ ၁၀ ဘီးယာဉ် ၁၀ စီးဝန်းကျင်ကို ပြင်ဦးလွင်မြို့အထွက်က စစ်ဆေးရေးဂိတ်မှာ စစ်ဆေးပြီးနောက် ငွေပေးဆောင်ရတာလို့ ဆိုပါတယ်။
ကိုယ်တိုင်ကြုံခဲ့ရသူ ကားသမားက “ကျနော်တို့က ကျောက်မဲကနေ ကြက်ဥနဲ့ ခေါက်ဆွဲဘဲ တင်လာတာ။ ဟိုအရှေ့ရွာကနေ ကလေး စားတဲ့ တရုတ်မုန့်တွေ တင်ဖို့ အကူအညီတောင်းလို့ တင်လာပေးတာကို ပစ္စည်းမသိမ်း လူမဖမ်းဘဲ ငွေတောင်းတယ်တဲ့ဗျာ” လို့ ပြောပါတယ်။
၎င်းနေရာမှာ စစ်တပ်အပြင် ရဲနဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေလည်း ရှိနေပြီး ရက် ၁၀၀ စီမံကိန်းအတွင်း တရုတ်ထုတ်ကုန်ပစ္စည်း တင်လာတာကြောင့် ငွေပေးမှ ဖြတ်သန်းသွားလာလို့ရမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
”တင်လာတာက အလွန်ဆုံး တန်ဖိုး ၂ သိန်းတောင် မပြည့်တဲ့ မုန့်တွေကိုကွာ တောင်းလိုက်တာက ပိုက်ဆံ ရာချီလေ။ အဲဒါ လုပ်စားတာဘဲ မဟုတ်လား။ နောက်ဆုံး ညှိရင်းနဲ့ တစ်စီးကို ၁၀ သိန်းနီးနီးဘဲ ပေးခဲ့လိုက်တယ်”
စစ်ကောင်စီဘက်ကတောင်းတဲ့ ငွေ သိန်း ၁၀၀ ကို မပေးနိုင်တာကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကား ၁၀ စီးကျော် ပေါင်းပြီး သိန်း ၁၀၀ ပေးဆောင်ခဲ့ရကြောင်း အထက်ပါအမျိုးသားက ပြောဆိုပါတယ်။
ရှမ်းမြောက်မှာ မေလ ၃ ရက် မနက်ကစပြီး ရက် ၁၀၀ စီမံကိန်းအနေနဲ့ သီပေါနဲ့နမ့်လန်ရှိ ပြည်ထောင်စုလမ်းမပေါ်မှာ စစ်တပ်နဲ့ ဌာနဆိုင်ရာတွေက တရုတ်ထုတ်ကုန်ပစ္စည်းတွေ တင်ဆောင်တဲ့ ကားကြီးနဲ့ကားသေးတွေကို စတင်ဖမ်းဆီးပြီး ငွေတောင်းပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။