ဝတ်ရည်၊ မေလ ၂၉ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကျောင်းဖွင့်ရာသီ ရောက်တော့မှာ ဖြစ်တာကြောင့် ကျောင်းသူကျောင်းသားတွေ သွားလာရေး အဆင်ပြေစေဖို့အတွက် ဖားကန့်-ကာမိုင်းလမ်းကို တော်လှန်ရေးတပ်တွေက ပြန်ဖွင့်ပေးလိုက်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဖားကန့်-ကာမိုင်းလမ်းကို ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကတည်းက စစ်တပ်နဲ့ တော်လှန်းရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာကြောင့် ပိတ်ထားရာကနေ မေလ ၂၇ ရက်မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာလို့ ဆိုပါတယ်။
“အဓိကတော့ ဒေသခံတွေဘက်ကို ကြည့်ပြီးမှ ပြန်လည်ဖွင့်ပေးဖြစ်တာပါ။ ကျောင်းသွားလာရေးအတွက် မိဘတွေနဲ့ ကလေးတွေ အဆင်ပြေစေဖို့ ဖြတ်သန်းခွင့် ပြန်လည်ပြုရတာ ဖြစ်တာပေါ့လေ” ဆိုပြီး သတင်းအရင်းအမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ဒုတိယပတ်အတွင်းမှာတော့ ကာမိုင်း-ဖားကန့်လမ်းပိုင်းမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေက ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။
လက်ရှိ ဖားကန့်မြို့နယ်အတွင်း မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်နေပေမဲ့ ဒေသခံတွေအနေနဲ့တော့ လေကြောင်းရန်ကို အထူးဂရုစိုက် နေထိုင်ကြဖို့ လိုအပ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။