ရွှေဖီမြေ၊ စက်တင်ဘာ ၄ ရက်
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဩဂုတ်လအတွင်း မြန်မာနိုင်ငံက ကလေးနဲ့ အမျိုးသမီးအပါအဝင် အရပ်သား ၈၀ ကျော် သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့ စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် စတဲ့မြို့နယ်နဲ့ တိုင်းက အရပ်သားတွေ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းသေဆုံးသူတွေဟာ ကလေး၊ အမျိုးသမီးနဲ့ သက်ကြီးပိုင်းတွေ ပါဝင်ပြီး အဲထဲမှာ အစုလိုက်အပြုံလိုက် သေဆုံးအောင် လေကြောင်းတိုက်ခိုက်တာဟာ သံတွဲမြို့နယ်နဲ့ မြောင်မြို့နယ်က ဖြစ်ကြောင်းလည်း ရေးသားဖော်ပြထားပါတယ်။

ဇူလိုင်လမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၀ ကျော်သာရှိပေမဲ့ ဩဂုတ်လမှာ ၈၀ ဦးရှိလာတာဟာ ၃ ဆနီးပါး ပိုများလာတာ တွေ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ဆောင်နေကြောင်း AAPP က ဆိုပါတယ်။
ဒါ့အပြင် ဩဂုတ်လအတွင်း ဖမ်းဆီးခံထားရသူ ၁၄ ဦး ရှိကြောင်းကိုလည်း ရေးသားဖော်ပြထားပါတယ်။
ကျူးလွန်သူတွေကို အားပေးကူညီသူတွေနဲ့ အမိန့်ပေး စေခိုင်းသူတွေအားလုံးကို ဥပဒေအရ အရေးယူပြီး နစ်နာဆုံးရှုံးရသူတွေအတွက် တရားမျှတမှုရှိအောင် သက်ဆိုင်ရာအဖွဲ့က လုပ်ဆောင်ပေးဖို့လိုအပ်ကြောင်း AAPP က ပြောပါတယ်။
အခုဖော်ပြထားတဲ့အချက်အလက်တွေဟာ AAPP က လက်လှမ်းမှီသလောက် ပြုစုထားတာဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုများနိုင်တယ်လို့ AAPP က ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။