ရွှေဖီမြေ၊ ဇွန်လ ၂၄ ရက်၊ ရပ်စောက်
ရှမ်းတောင် ရပ်စောက်မြို့နယ်က ကျေးရွာအများစုမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS က အခွန်ကောက်ခံနေတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ ဒေသတွင်းရှိ ကျေးရွာတွေကို ရွာအရွယ်အစားနဲ့ အိမ်ခြေအရေအတွက်ပေါ် မူတည်ကာ ပေးဆောင်ရတဲ့ ဆန်အိတ် အရေအတွက် သတ်မှတ်ထားပြီး ရွာကြီးတွေက ပေးဆောင်ရမယ့်ဆန်အိတ် ပမာဏလည်း ပိုများတယ်လို့ သိရပါတယ်။
ပေးဆောင်ခဲ့ရတဲ့ ကျေးရွာခံတစ်ဦးက “ရွာတိုင်း ပေးရတယ်။ သူတို့က တစ်နှစ်စာလို့ ပြောတာပဲ။ တစ်နှစ်ကို နှစ်ခါ သုံးခါလောက် လာကောက်တာ။ အခုက ရွာအပေါ်ကို မူတည်ပြီးမှ ကောက်တာ။ ရွာကြီးရင် ကြီးသလို သေးရင် သေးသလို ကောက်တာ။ တစ်ရွာကို ဆန်အိတ် ၂၀၊ ၃၀ ပေးရမယ်ဆိုပြီး ရွာဥက္ကဌဆီ ပြောတာ။ ဥက္ကဌကနေ တစ်အိမ်ကို ဘယ်လောက် ပေးရမယ်ဆိုပြီး ပြန်ပြောတာ။ အင်းတောဘက်ကဆို ပိုဆိုးတယ်။ စကစ၊ SSPP၊ RCSS သုံးဖွဲ့စလုံး ပေးရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေကို RCSS တပ်က ဖမ်းဆီးပေမဲ့ တစ်ဦးကို သိန်း ၃၀ ကနေ ၅၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ အထက်ပါ ဒေသခံက ပြောပါတယ်။
“အခုဆို မူးယစ်ဆေးဝါးကို အကြောင်းပြပြီး လူတွေ ဖမ်းနေတာ။ လူတွေက သူတို့အဲလိုဖမ်းတော့ သဘောကျတယ်လေ။ နောက်ပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတာ။ ဒေါင်ကောင်းကောင်းလူတွေဆို မရွေးခိုင်းဘူး။ တကယ့် ငပိန်တွေကို ပြန်မရွေးလို့လည်း မရဘူး။ မရွေးရင် အုပ်ထိန်းသူတွေကို ပြန်ခြိမ်းခြောက် တစ်ယောက်ကို ၃၀၊ ၅၀ နဲ့ ပြန်ရွေးခိုင်းတာ။ လူငယ်တွေက တော်တော်ဒုက္ခရောက်ကြတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး အလုပ်သွားလုပ်ကြတယ်”
အခွန်ကောက်ခံမှုနဲ့ ဒေသခံတွေကို ဖမ်းဆီးကာ ငွေကြေးနဲ့ပြန်လည်ရွေးယူရတဲ့ ကျေးရွာအုပ်စုတွေဟာ အလယ်ဂျောင်၊ ကျောက်တော၊ တန်မဲ့၊ မာသယ် စတဲ့ကျေးရွာအုပ်စုအပြင် ရပ်စောက်မြို့နယ် အင်တောမြို့နယ်ခွဲက ကျောက်ဂူအုပ်စုလည်း ပါဝင်တယ်လို့ ၎င်းရဲ့ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။