ပို့လဘား၊ ဇူလိုင်လ ၁၁ ရက်၊ ရွှေလီ
ခိုးပေါက်ကနေ ဝင်လာပြီး အလုပ်ဝင်ရောက်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသား ၄၆ ဦးကို တရုတ်ရဲက တရုတ်ပြည် ရွှေလီမြို့မှာ ဖမ်းဆီးရမိခဲ့ပြီး မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး တရုတ်ပြည်ဝင်ခွင့်လည်း ပိတ်ပင်ခံရကြောင်း သိရပါတယ်။
မြန်မာဘက်သို့ ပြန်ပို့ခံရတဲ့ အဲဒီမြန်မာနိုင်ငံသား ၄၆ ဦးဟာ တရုတ်နိုင်ငံ ရွှေလီမြို့ရှိ Xinjiang Garment အထည်ချုပ်စက်ရုံတစ်ခုမှာ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်က တရုတ်-မြန်မာနယ်စပ်နန်းတော်ဂိတ်ကနေတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်ပြည်ဘက် အလုပ် ဝင်ရောက်လုပ်ကိုင်ကြပြီး အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲက မကြာခဏ ဝင်ရောက် စစ်ဆေးဖမ်းဆီးနေပေမဲ့ နေ့စဉ် တရုတ်ပြည်ထဲ ဝင်ရောက်လုပ်ကိုင်ကြတဲ့ မြန်မာအလုပ်သမား ရာနဲ့ ချီရှိနေပါတယ်။
ရွှေလီမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက “တရုတ်ဘက်က နေ့တိုင်းစစ်ဆေးနေတယ်။ မနေ့ညလည်း ကျယ်ဂေါင်မှာ ခိုးပေါက်ကနေ ဝင်လာတဲ့သူတွေနဲ့ ပွဲစားတွေ ဖမ်းခံရတယ်။ ခိုးပေါက်ဝင်လာတဲ့သူတွေ ဖမ်းမိရင် မြန်မာဘက် ပြန်ပို့ပေးပြီး ပြည်ဝင်ခွင့်ပိတ်တယ်။ ခိုးပေါက်ကနေ ခေါ်တဲ့ပွဲစားတွေကိုတော့ သူတို့ကထောင်ဒဏ် ၁ နှစ်မဟုတ်ရင် ၂ နှစ် ချခံရတယ်။ မနေ့ည ဖမ်းခံရတဲ့ သူထဲမှာ အသိတစ်ယောက်ပါသွားတယ်။ သူ့ကို ထောင်ဒဏ် ဘယ်နှစ်နှစ်ချခံရမလည်းတော့ မသိဘူး။ သူနဲ့လည်း အခုချိန်ထိ အဆက်သွယ်မရသေးဘူး”
ဒါ့အပြင် ယာယီ နယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်- TBP ကိုင်ဆောင်တဲ့ တပတ်ကဒ်သူတွေနဲ့ ခိုးပေါက်ဝင်လာတဲ့သူတွေအပြင် BP စာအုပ်အနီနဲ့ သက်တမ်းလွန် နေထိုင်သူတွေကိုလည်း တရုတ်ရဲက လိုက်လံ ဖမ်းဆီးပြီးတော့ မြန်မာဘက် ပြန်ပို့ပေးနေတာ တွေလည်း ရှိပါတယ်။
မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ တရုတ်ရဲက တရုတ်ပြည်ဝင်ခွင့် ၁ နှစ်ကနေ ၅ နှစ်အထိ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ တရုတ်ဘက်က မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်နိုင်ဖို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကူမင်းမြို့ရှိ တဲဟုန်ပြည်နယ်ခွဲပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးက ရွှေလီမြို့ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးတို့နဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ရွှေလီမြို့ရှိ သက်ဆိုင်ရာတာဝန်ရှိသူ တွေနဲ့အတူ ညှိနှိုင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။