ရွှေဖီမြေ၊ ဇွန်လ ၂၄ ရက်၊ မြိုင်
မကွေးတိုင်း မြိုင်မြို့နယ်ထဲ စစ်ကြောင်း ထိုးနေတဲ့ စစ်အင်အား ၄၀၀ ကျော်ပါ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်ခဲ့ရာ သေဆုံးမှု များတာကြောင့် တပ်ပြန်ဆုတ်သွားတယ်လို့ မကွေး PDF က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်ကစပြီး စစ်တပ်ဟာ ပခုက္ကူမြို့နယ်ကနေ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြိုင်မြို့နယ်ထဲ ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၅၀ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လက်နက်ခဲယမ်းအပါအဝင် ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကို သယ်ဖို့လာတဲ့ ရဟတ်ယာဉ်တစ်စီးကိုလည်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို မကွေး PDF အပါအဝင် မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်- BPLA၊ KG တပ်ဖွဲ့၊ ပခုက္ကူခရိုင် ပကဖ၊ ပေါက် ပကဖ၊ မြိုင် ပကဖ၊ ပခုက္ကူ ပကဖ၊ ရေစကြို ပကဖ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး- ABSDF စတဲ့တော်လှန်ရေးတပ်တွေဘက်က ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ ထိုးစစ်အတွင်း အရပ်သား ၅ ဦး သတ်ဖြတ်ခံရပြီး နေအိမ် ၄၀ မီးရှို့ခံရကာ လူထုတွေအနေနဲ့ စစ်ရေးသတိ ရှိကြဖို့ မကွေး PDF က တိုက်တွန်းထားပါတယ်။
စစ်တပ်ဘက်ကတော့ မြိုင်မြို့နယ်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။