မိုင်းရူပ၊ မတ်လ ၁၅ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာရှိ တအာင်းတပ် – TNLA ရဲ့ တပ်စခန်းအားလုံးကို ကိုးကန့်တပ် စီးနင်းတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းအရင်းမြစ်တွေက ပြောပါတယ်။
နမ့်ဖတ်ကာကျေးရွာရှိ TNLA ရဲ့ အုပ်ချုပ်ရေးရုံး၊ ရဲစခန်း အပါအဝင် နမ့်ဖတ်ကာကျေးရွာအထွက်ရှိ တအာင်းတပ်ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်ဘက်က မနေ့ မတ်လ ၁၄ ရက်မှာ စီးနင်းတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဆိုပါတယ်။
“အခု နမ့်ဖတ်ကာမှာ TNLA နေတဲ့နေရာအားလုံးကို ကိုးကန့်တွေ ထိုင်လိုက်ပြီ။ ရဲစခန်းမှာရှိတဲ့ အချုပ်သားတွေလည်း အကုန်ဖမ်းသွားတယ်။ KIA (ကချင်တပ်) ဘက်က ဘာမှ ပြောတာ မတွေ့ရဘူး” လို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
နမ့်ဖတ်ကာကျေးရွာကို KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီး TNLA နဲ့ MNDAA တပ်တွေလည်း သွားလာလှုပ်ရှားနေကြတာ ဖြစ်ပါတယ်။
ဒီနေ့ မတ်လ ၁၅ ရက်မှာတော့ နမ့်ဖတ်ကာနဲ့ နမ့်ခမ်းမြို့နယ်ကြားမှာရှိတဲ့ TNLA ရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်နေပြီး ၁၂ မိုင်ကျေးရွာရှိ TNLA ရဲ့ တပ်စခန်းတွေကို ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေပါတယ်။
ကွတ်ခိုင်မြို့ပေါ်မှာတော့ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်ဗျုဟာကုန်းကို ကိုးကန့်တပ်ဘက်က အပြင်းအထန် ထိုးစစ်ဆင်နေပြီး ကိုးကန့်တပ်ဘက်က ဒရုန်းဗုံး ရာချီအသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မတ်လ ၁၄ ရက် မနက်ပိုင်းကစပြီး ကွတ်ခိုင်မြို့အပါအဝင် မူဆယ်မြို့ (၁၀၅) မိုင်၊ နမ့်ဖတ်ကာ၊ မုံစီးစတဲ့ နေရာ ၅ ခုထက်မနည်းမှာ TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်ဘက်က အင်အားထောင်ချီ အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။