မြတ်နိုး၊ ဩဂုတ် ၃၁ ရက်၊ ရွှေကူ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ နောင်မိုကျေးရွာအုပ်စု၊ ဇင်းဘုံရွာက စစ်ကောင်စီစခန်း တစ်ခုကို မနေ့ ဩဂုတ်လ ၃၀ ရက်က ကချင်တပ် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ပြန်သိမ်းလိုက်နိုင်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“ဇင်းဘုံမှာ နေရာယူထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မနေ့က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ က ပြန် ရှင်းလင်း နိုင်ခဲ့တာ” လို့ ရှေ့တန်းနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
နောက်ထပ်ရှေ့တန်းသတင်း ရင်းမြစ် တစ်ဦးကလည်း “မနေ့က ရွှေကူ ဇင်းဘုံရွာ နောက်ကျောက စစ်ကောင်စီ ခြေကုတ်ကုန်းကို သိမ်းပိုက်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ အသာစီးယူပြီး စင်းခန်းတံတားကို ပြန်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။
ရွှေကူ၊ ဗန်းမော်ဘက် အင်အားဖြည့် စစ်ကူတက်လာတဲ့ စစ်ကောင်စီရဲ့ ရေယာဉ် ၁၀ စီးကျော်ကို ဧရာဝတီမြစ်ကြောင်းလျှောက် KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ ရေယာဉ် ၄ စီးခန့် ထိခိုက်ပျက်စီးတာရှိခဲ့ပြီး တစ်စီးတော့ ပစ်ထားခဲ့ရတဲ့အထိဖြစ်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတွေကတော့ ဗန်းမော်ဘက် ဆန်တက်လာတဲ့ ရေယာဉ်အုပ်စုကို လေကြောင်းနဲ့ ပစ်ကူကာကွယ်ပေးနေပြီး ဗန်းမော်ဘက် ဆက်လက် ဆန်တက်လာနေတယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။