အလင်း၊ ဇူလိုင် ၁ ရက်၊ တွန်းဇံ
ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ဇွန်လ ၂၉ ရက်က စစ်ဘေးရှောင် အရပ်သားတစ်ဦးကို ဇိုမီးတော်လှန်ရေးတပ်- ZRA က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ ဂဲလ်မွလ် (Gelmual)ရွာကနေ စစ်ဘေးရှောင်လာသူ ပါးထန်လမ်ခုပ် (Pa Thang Lam Khup)ဖြစ်ပြီး ၎င်းဟာ ဖွီတုန်ရွာမှာ ခိုလှုံနေစဉ် ဖမ်းဆီးခံခဲ့ရတာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်မှာ ZRA တပ်ဖွဲ့ဝင်တွေဟာ ဖွီတုန်ရွာအတွင်း ဝင်ရောက်ပြီး ဒေသခံတွေရဲ့ စတားလင့်ခ် အင်တာနက်စက်တွေကို သိမ်းဆည်းခဲ့ပြီးနောက် ပါးထန်လမ်ခုပ်ကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသွားပါတယ်။
“သူကို ဖမ်းဆီးပြီး တွန်းဇံမြို့ဘက်ကို ခေါ်ဆောင်သွားစဉ် လမ်းခုလတ်မှာ ပြင်းထန်စွာ ရိုက်နှက်စစ်ဆေးခဲ့တယ်။ မောင်မုလ်တောင်ကုန်းအရောက်မှာ ရိုက်နှက်စစ်ဆေးဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်” လို့ တွန်းဇံဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ZRA ဘက်ကတော့ ဒီနေ့အထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ZRA က ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကလည်း တီးတိန်မြို့နယ် တွီထန်းရွာခံ ကပ်လီယန်မန်းကို ၎င်းတို့တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးမှုနဲ့ စွပ်စွဲကာ ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ဖူးပါတယ်။
ZRA တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မေလအတွင်းက စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ CDF-Tonzang ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် လက်ရှိ မြို့ပေါ်မှာ ပူးပေါင်းအုပ်ချုပ်နေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။