ရွှေဖီမြေ၊ စက်တင်ဘာ ၁ ရက်
တနင်္သာရီတိုင်း ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦးခန့် သေဆုံးခဲ့တယ်လို့ ဓဝယ်အမျိုးသားလွှတ်မြောက်ရေးတပ်မတော်- DNLA က သတင်းထုတ်ပြန်ပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်း လုံခြုံရေးအကြောင်းပြပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေဘက်က ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

DNLA ထုတ်ပြန်တဲ့ ရုပ်သံဖိုင်ထဲမှာ သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေ တွေ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ၎င်းရဲ့ လက်အောက်ခံတပ်တွေအနေနဲ့ လက်နက်ချအလင်းဝင်ဖို့ တိုက်တွန်းထားပါတယ်။
ဒီတိုက်ခိုက်မှုကို DNLA အပါအဝင် ထားဝယ်ပြည်သူ့လွှတ်မြောက်ရေးတပ်- TPLF၊ ဘီလုံးပျောက်ကြားတပ်ဖွဲ့နဲ့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး- DDPDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ရေး-ထားဝယ်လမ်းပိုင်းမှာ စစ်ကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။