မြတ်နိုး၊ ဇူလိုင် ၄၊ လားရှိုး
စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ ရပ်ကွက် (၄) မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဓားပြတိုက်ခံခဲ့ရတဲ့ ရွှေလုပ်ငန်းအိမ်ရဲ့ အိမ်ရှင်ကို ဇူလိုင်လ ၂ ရက်နေ့ မနက်အစောပိုင်းမှာ စစ်တပ်က လာရောက်ဖမ်းဆီးရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသား တစ်ဦးက “အိမ်ရှင်ကိုပဲ ခေါ်သွားတာ။ အိမ်သားတွေတော့ မပါဘူးလို့ သိရတယ်။ သက်ဆိုင်ရာက သူ့ကို အမှုဖွင့်ထားတယ်။ အမှုက ဆက်ရှုတ်အုန်းမယ့် သဘောပဲ” လို့ ပြောပါတယ်။
အစောပိုင်းမှာ အိမ်သားတွေနဲ့ အလုပ်သမားတွေပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အိမ်ရှင်တစ်ဦးတည်းကိုသာ ခေါ်ဆောင်သွားတာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေဘက်က တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပေမယ့် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ ဓားပြမှုဖြစ်စဉ်မှာ အိမ်ဘက်က သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့ကိစ္စနဲ့ ဆက်စပ်ပြီး စစ်ဆေးနေတာဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
အဆိုပါ ဓားပြမှုဟာ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က လားရှိုးမြို့ ရပ်ကွက် (၄) ရှိ ရွှေချွတ်လုပ်ငန်းအိမ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ သေနတ်(အရှည်) ကိုင်ဆောင်ထားတဲ့ လူ ၆ ဦး၊ ၇ ဦးခန့်ဟာ Crown အမျိုးအစား ကားတစ်စီးနဲ့ Pick-up ကားနှစ်စီး အသုံးပြုပြီး ရောက်ရှိလာကာ ဓားပြတိုက်သွားခဲ့ကြတာ ဖြစ်ပါတယ်။
ဓားပြအဖွဲ့ ပြန်လည်ထွက်ခွာချိန်မှာ အိမ်ရှင်ဘက်က သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ဓားပြတွေ အလျင်အမြန် ထွက်ပြေးသွားခဲ့ရပြီး သေနတ်တိုတစ်လက်နဲ့ ပစ္စည်းတချို့ ကျန်ရစ်ခဲ့ပါတယ်။
ကျန်ရစ်ခဲ့တဲ့ သေနတ်ကို သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က သိမ်းဆည်းသွားခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီဖြစ်စဉ်အတွင်း ရွှေ ၅ ပိဿာခန့်နဲ့ ငွေသား သိန်း ၁,၀၀၀ ဝန်းကျင် ပါသွားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
အဆိုပါ ရွှေလုပ်ငန်းအိမ်မှာ ရွှေသန့်စင်လုပ်ငန်း၊ ရွှေထည်ထုတ်လုပ်ရေးနဲ့ ရွှေအပေါင်လုပ်ငန်းတွေ လုပ်ကိုင်နေပြီး အော်ဒါထည် လက်ခံဆောင်ရွက်မှုများတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီ ဓားပြတိုက်ခံရတဲ့ နေရာအနီးရှိ မဟာဗောဓာရုံကျောင်းတိုက်က စာချဆရာတော် ဘဒ္ဒန္တကေသရ (ဦးကေ) ဟာ ဇန်နဝါရီ ၂၈ ရက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဈာပနအခမ်းအနား ပြုလုပ်နေချိန်မှာ ဓားပြမှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း မြို့အတွင်း လုယက်မှု၊ ဓားပြတိုက်မှု၊ ခိုးမှုနဲ့ ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလာပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူနိုင်တဲ့ ဖြစ်စဉ်တွေ နည်းပါးနေတယ်လို့ ဆိုကြပါတယ်။
လက်ရှိအချိန်အထိတော့ ဖမ်းဆီးခံထားရတဲ့ အိမ်ရှင်နဲ့ပတ်သက်တဲ့ စွဲချက်အသေးစိတ်နဲ့ စစ်ကောင်စီဘက်က တရားဝင်ထုတ် ပြန်ချက်တွေ မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။