ရွှေဖီမြေ၊ ဧပြီ ၈ ရက်၊ တာချီလိတ်
ရှမ်းအရှေ့ တာချီလိတ်မြို့နယ်ထဲ ကျားဖြန်ရုံတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၂၅ ဦးနဲ့ လာအိုနိုင်ငံသား ၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
မနေ့ ဧပြီ ၇ ရက် နေ့လယ်ပိုင်းမှာ တာချီလိတ်မြို့နယ် ပန်ကူကျေးရွာရဲ့ အနောက်တောင်ဘက်မှာ ကျားဖြန်ရုံတစ်ခုကို စစ်ကောင်စီ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသား အမျိုးသား ၁၂၂ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ လာအိုနိုင်ငံသား အမျိုးသမီး ၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျားဖြန်လုပ်ကိုင်ရာမှာ အသုံးပြုနေတဲ့ အဆောက်အဦးနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
စစ်ကောင်စီအနေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဆက်လက်နှိမ်နင်းသွားမယ်လို့ ထုတ်ပြန်ထားပြီး ဖမ်းဆီးရမိတဲ့သူတွေကို သက်ဆိုင်ရာ နိုင်ငံတွေထံ လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်မှာလည်း တာချီလိတ်မြို့ပေါ်ရှိ ဟိုတယ်တစ်ခုမှာ ကျားဖြန်လုပ်နေတဲ့ နိုင်ငံခြားသား ၄၀၀ နီးပါးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရှမ်းမြောက် မူဆယ်နဲ့ တန့်ယန်းမြို့နယ်ရှိ ကျားဖြန်ရုံတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖြန်လုပ်ကိုင်သူ ၁၃၀ နီးပါးကို ဖမ်းဆီးရမိကြောင်း ဧပြီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီဘက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းတာတွေ ပြုလုပ်နေမဲ့ ၎င်းတို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာသာ ကျားဖြန်လုပ်ငန်း ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။