ပပ၊ ဇွန်လ ၃ ရက်၊ တာချီလိတ်
ရှမ်းအရှေ့ တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာမှာ အခြေစိုက်တဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၃၁ ဦးနဲ့အတူ ဆက်စပ်ပစ္စည်းတွေကိုပါ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းရှေ့က တာချီလိတ်မြို့အပါအဝင် မြို့နယ်အတော်များများမှာ ၎င်းတို့နဲ့ ဆက်စပ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဆက်ရှိနေပြီး အခုလို ဖမ်းဆီးတာတွေလည်း ဟန်ပြဖမ်းဆီးခြင်းသာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာချီလိတ်မြို့ရှိ အမျိုးသားတစ်ဦးက “ဒီမှာက အဲလိုအလုပ်တွေ လုပ်ကြတာများတယ်။ ကလေး၊ လူကြီး အကုန်လုံးပေါ့။ ပိုက်ဆံလည်း အများကြီးရကြလို့လေ။ စကစကလည်း ဗန်းပြဖမ်းတာပါ။ တချို့နေရာတွေဆို သူတို့ကိုယ်တိုင်က လုံခြုံရေးလုပ်ပေးနေတာဘဲ” လို့ ပြောပါတယ်။
မနေ့ ဇွန်လ ၂ ရက်မှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ အဲဒီ ကျားဖြန်ရုံအတွင်း အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၃၁ ဦးအပြင် ကွန်ပျူတာ အလုံး ၆၀၊ မော်နီတာ ၅၈ လုံး၊ ဖုန်း ၆၀ လုံးအပါအဝင် တခြားလုပ်ငန်းသုံးပစ္စည်း တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ ဖမ်းဆီးခံရသူ ၃၁ ဦးဟာ အွန်လိုင်းဂိမ်းလုပ်ငန်းကို လုပ်ဆောင်ရမယ်ထင်ပြီး အလုပ်လာလျှောက်ကြရာမှာ ငွေလိမ်လုပ်ငန်းမှန်း သိရကြောင်းနဲ့ ဖမ်းဆီးရမိသူ ၃၁ ဦးကို ဥပဒေအရ အရေးယူပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ ခေါင်းဆောင်နဲ့ တချို့သူကို ဆက်လက်ရှာဖွေနေဆဲလို့ စစ်ကောင်စီတပ်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို သက်ဆိုင်ရာက ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၆ ခုနှစ် မေလ ၂၈ ရက်အထိ ရှမ်းပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ အွန်လိုင်းငွေလိမ်တဲ့ လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်တဲ့ နိုင်ငံခြားသား ၅၆,၉၁၈ ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ရာ သူတို့တွေကို သက်ဆိုင်ရာနိုင်ငံတွေထံ ပြန်ပို့နိုင်ခဲ့ကြောင်း စစ်ကောင်စီက ဆိုပါတယ်။
အခုလို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေ လုပ်ဆောင်နေပေမယ့် နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်တို့လို နေရာမျိုးမှာ လိုင်းကြေးပေးပြီး ဖွင့်လှစ်နေတဲ့ ကျားဖြန်ရုံတွေ အများအပြားရှိနေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။