ရွှေဖီမြေ၊ မေလ ၂၉ ရက်၊ ပန်ဆန်း
“ဝ”တပ်မတော်- UWSA ထိန်းချုပ်ဒေသထဲ ကျားဖျန့် အွန်လိုင်းငွေလိမ်လည်မှု လုပ်ကိုင်ဖို့ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၄၉ ဦးကို ဖမ်းဆီးပြီး တရုတ်ထံ ထပ်မံ လွှဲပြောင်းပေးခဲ့တယ်လို့ “ဝ” ပြည် တရားစီရင်ရေးကော်မတီ- WSP က ထုတ်ပြန်လာပါတယ်။
ထုတ်ပြန်ချက်ကို ဒီနေ့ မေလ ၂၉ ရက် မနက်ခင်းပိုင်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီတရားခံ ၄၉ ဦးဟာ “ဝ”ဒေသထဲ ခိုးဝင်လာကာ ကျားဖျန့်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ကြောင်း ဖော်ပြထားပါတယ်။
ကင်းလှည့်အဖွဲ့နဲ့ အထူးနှိမ်နှင်းရေး စစ်ဆင်ရေးအတွင်းမှာ WSP က ပုန်းအောင်းနေတဲ့ ကျားဖျန့်အဖွဲ့ရဲ့ အခြေစိုက်စခန်းကို ဖော်ထုတ်နိုင်ခဲ့ပြီး ပါဝင်ပတ်သက်သူအကုန်လုံးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
သံသယရှိတဲ့ တရားခံ ၄၉ ဦးကို စက်ပစ္စည်းကိရိယာတွေနဲ့အတူ မုန်အာ နယ်စပ်ဂိတ်ကနေတဆင့် တရုတ်ထံ လွှဲပြောင်းပေးမှာဖြစ်ပြီး တရုတ်က လက်ခံရရှိတဲ့ တရားခံတွေကို စုံစမ်းစစ်ဆေးကာ အရေးယူသွားမယ်လို့ ဆိုပါတယ်။
“ဝ”က ရှေ့ဆက်ပြီး တရုတ်နဲ့ နှစ်နိုင်ငံရဲ့ ရဲတပ်ဖွဲ့ဆိုင်ရာလုပ်ငန်းတွေကို လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပြီး ကျားဖျန့်လုပ်ငန်းနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို တားဆီးနှိမ်နှင်းသွားမယ်လို့ ပြောကြားထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။