ရွှေဖီမြေ၊ မေလ ၁၀ ရက်၊ လားရှိုး
ရက်(၁၀၀) စီမံချက်ဆိုပြီး စစ်ကောင်စီရဲ့ တရုတ်ကုန်ပစ္စည်း ဖမ်းဆီးမှုတွေကြောင့် ကားတချို့ ပစ္စည်းသယ်ယူမှု ရပ်နားထားရတယ်လို့ လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပိုင်းမှာ ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အဖမ်းအဆီး လုပ်ပြီးနောက်ပိုင်း ကားသမားတွေလည်း တရုတ်ပစ္စည်း မသယ်ရဲတော့ဘူး။ အထုပ်သေးသေးလေး တင်ရင်တောင် ပေးမသယ်ဘူး။ ဆက်တိုက် ဖမ်းနေတာ”
တရုတ်ကုန်တင်တဲ့ ကားတွေကို စစ်တပ်က လားရှိုးမြို့ပေါ်အပါအဝင် သီပေါနဲ့ နမ့်လန်မြို့ရဲ့ အဝင်အထွက်မှာ စစ်ဆေးမှု တင်းကြပ်နေပြီး ဖမ်းဆီးနေတယ်လို့ ကားသမားတွေက ဆိုပါတယ်။
စစ်တပ်ဘက်က အခုလို ဖမ်းဆီးနေတာဟာ ကုန်သည်တွေဘက်က တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်ကနေ ကုန်တွေကို သယ်ယူနေပြီး စစ်ကောင်စီတပ်ဘက်က အခွန် မရတာကြောင့် ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ နယ်စပ်ကုန်သွယ်ရေးအကြောင်း သိရှိသူတစ်ဦးက ပြောပါတယ်။
“အဓိကတော့ ဒီဘက်ကို အစိုးရက ကုန်သွယ်ခွန် မချပေးတာ။ အခုက တရားမဝင်တဲ့ပုံစံ ဖြစ်နေတာ။ အဲဒါကြောင့် ဖမ်းနေတာ”
ရှမ်းမြောက်ရှိ အရေးပါတဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ညီနောင်မဟာမိတ်တပ်ဖွဲ့က ထိန်းချုပ်ထားပြီး ချင်းရွှေဟော် နယ်စပ်ဂိတ်ကို ကိုးကန့်တပ်- MNDAA က ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။