ပပ၊ ဇူလိုင် ၁၄ ရက်
ရှမ်းအရှေ့ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံနဲ့ ကျိုင်းတုံ စတဲ့မြို့နယ်တွေမှာ ထိုင်းဘက်က စက်သုံးဆီ ပုံမှန်တင်သွင်းတာထက် လျော့ပြီး ပေးတာကြောင့် ဆီပြတ်လတ်မှာကို စိုးရိမ်လို့ ဒေသခံတွေက အလုအယက်ဝယ်နေကြသလို တချို့သော အရောင်းဆိုင်တွေက ပိတ်ထားကြောင်း တာချီလိတ်ရှိ မြို့ခံအမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ ဇူလိုင် ၁၃ ရက်မှစပြီး ၎င်းဒေသတွေမှာ ထိုင်းဘက်က စက်သုံးဆီ တင်သွင်းမှု လျှော့ချထားကြောင်း ကောလဟာလသတင်းကြောင့် မြို့ခံတွေ ဆီတန်းပြီးဝယ်ယူနေရတဲ့အပြင် ပန့်ဆီဆိုင်တချို့လည်း ပိတ်ထားသလို လမ်းဘေးဆီအရောင်းဆိုင်တွေလည်း မရှိတော့ကြောင်း ဆိုပါတယ်။
အထက်ပါအမျိုးသမီးက “လောလောဆယ်တော့ လုံးဝ ဝယ်မရတာတော့ မဟုတ်သေးဘူး။ လုနေရတယ်။ ဈေးနဲနဲထိုးတက်တာရယ်ပေါ့။ တချို့ဆိုင်တွေက ပိတ်လိုက်တာတွေ့ရတယ်။ အဲတာတွေက တကယ်ဘဲဆီကုန်တာလား။ တမင်မရောင်းတာလားတော့ မသိရဘူး” လို့ ပြောပါတယ်။
စက်သုံးဆီ တင်သွင်းတဲ့ကိစ္စနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသေးပေမဲ့ ဒေသခံတွေက စိုးရိမ်နေကြကြောင်း နောက်ထပ် ကျိုင်းတုံရှိ အမျိုးသားက ဆိုပါတယ်။
”ကျနော်မနေ့က တွေ့ခဲ့ရတာတော့ တာချီလိတ်လမ်း၊ ဆန်ဂိုဒေါင် ကုန်းဆင်းနားနဲ့ လွိုင်မွေလမ်း အဲနေရာက ဆီဆိုင်တွေနဲ့ လမ်းဘေးမှား ဗူးနဲ့ရောင်းတာတွေလည်း မတွေ့ရတော့ဘူး။ ပြီးရင် ဖွင့်နေသေးတဲ့ ပန့်တွေမှာ တန်းနေရတာပါ” လို့ ပြောပါတယ်။
ဒါ့အပြင် မိုင်းတုံနဲ့ မိုင်းဆတ်စတဲ့ မြို့နယ်တွေမှာလည်း ထိုနည်းတူ ၂ ရက်အတွင်း ဆီဈေး ၂၀၀၀ ဝန်းကျင် ထိုးတက်ခဲ့ကြောင်း ဆိုပါတယ်။
ရှမ်းအရှေ့မှာ ပုံမှန်အားဖြင့် စက်သုံးဆီ ၄၀၀၀ နဲ့ ၅၀၀၀ ဝန်းကျင်သာ ဈေးရှိခဲ့ပေမဲ့ ဒီနေ့ဇူလိုင် ၁၄ ရက်မှာတော့ တစ်လီတာ ၇၀၀၀ နဲ့ ၈၀၀၀ ကြား ဈေးရှိနေကြောင်း ကျိုင်းတုံ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။
အွန်လိုင်းငွေလိမ်တဲ့အဖွဲ့နဲ့ မူးယစ်ရောင်းဝယ်ဖောက်ကားသူတွေကို ထိုင်းဘက်က ဖမ်းဆီးနှိမ်နင်းနေတာကြောင့် စက်သုံးဆီ တင်သွင်းမှု လျှော့ချတာဖြစ်ကြောင်း သတင်းထွက်ပေမဲ့ ရွှေဖီမြေက သီခြားအတည်မပြုနိုင်ခဲ့ပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။