ရွှေဖီမြေ၊ မေလ ၄ ရက်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါနဲ့ နမ့်လန်မှာ တရုတ်ထုတ်ကုန်ပစ္စည်း တင်ဆောင်တဲ့ ယာဉ်တွေကို ရက် ၁၀၀ စီမံကိန်းအနေနဲ့ စတင်ဖမ်းဆီးနေပြီဖြစ်ကြောင်း ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ မေလ ၃ ရက် မနက်မှာ သီပေါနဲ့ နမ့်လန်ရှိ ပြည်ထောင်စုလမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေက တရုတ်ထုတ်ကုန်ပစ္စည်းတွေ တင်ဆောင်တဲ့ ကားကြီးနဲ့ ကားသေးတွေကို စတင်ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ကားသမားတစ်ဦးက “အဲကုန်ကားတွေကိုတော့ တားပြီး ရပ်ခိုင်းတာတွေ့တယ်။ ကုန်တွေ စစ်တယ်ပေါ့နော်” လို့ ပြောပါတယ်။
၎င်းဖမ်းဆီးစစ်ဆေးတဲ့ ကားတချို့တွေကို ငွေယူပြီး ပြန်ပေးသွားတာလည်း တွေ့ခဲ့ရကြောင်း အဲဒီကားသမားက ဆိုပါတယ်။
”အရင်ကတည်းက မြို့နယ်တိုင်း ကြားလျှိုကြားလျှို ဖမ်းနေတာတွေ လုပ်နေတာဘဲ။ နာမည်အရ ကြားကောင်းအောင်ပြောတာဘဲ ဖြစ်မယ်။ တကယ် ဖမ်းဆီးအရေးယူတာမှ မဟုတ်တာ။ ငွေယူပြီး လွှတ်နေတာဘဲကို” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တရုတ်ထုတ်ကုန်တွေ ဖမ်းဆီးကြောင်း ဆိုပေမဲ့ ဘယ်ပစ္စည်း အမျိုးအစားကို အရေးယူ ဖမ်းဆီးလဲဆိုတာကိုတော့ တိတိကျကျ ရေးသားဖော်ပြထားတာ မရှိကြောင်း နောက်ထပ် ကားသမား တစ်ဦးက ဆိုပါတယ်။
”အခု တရုတ်ကုန် ဖမ်းတယ်ဆိုတာဘဲ ပြောတာ။ လူသုံးကုန်၊ စားသောက်ကုန် အကုန်လုံးကို ပြောတာလား။ ဘာတွေလဲ။ တိတိကျကျ ပြောရင်တော့ ရှင်းတယ်။ အခုဟာက ကျွန်တော်တို့သုံးတဲ့ ပစ္စည်းအများစုက တရုတ် ပစ္စည်းတွေဘဲလေ။ ကုန်တင်ကားတွေက အကုန်အဖမ်းခံရမှာလား။ ဒါမဖြစ်သင့်ဘူးလေ” လို့ ပြောပါတယ်။
အလားတူ တရုတ်ထုတ်ကုန်တွေ ဖမ်းဆီးလာတာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ တရုတ်ထုတ်ကုန်တွေသာ လူထုတွေက သုံးစွဲအသုံးပြုနေကြတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။