ရွှေဖီမြေ၊ စက်တင်ဘာ ၃ ရက်၊ ရသေ့တောင်
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ စစ်တွေနဲ့ ရသေ့တောင်မြို့နယ်တွေကို တစ်ရက်အတွင်း စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော်- AA က ဒီနေ့ စက်တင်ဘာ ၃ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
ဒီနေ့ စက်တင်ဘာ ၃ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ မြို့ ၃ မြို့က ကျေးရွာ ၅ ရွာကို ဂျက်ဖိုက်တာ ၄ စီးနဲ့ ဗုံးအလုံး ၃၀ ကျော် လှည့်ပတ်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖြစ်စဉ်သိရှိသူ တစ်ဦးက “အခုဗုံးကြဲခဲ့တဲ့ ပုဏ္ဏားကျွန်းဖက်က ကျေးရွာတွေမှာ လူသိပ်မနေတော့ဘူး။ တိုက်ပွဲဖြစ်ကတည်းက သိမ်းရှောင်ကြတာများတယ်။ အထိအခိုက်တော့ မရှိသလောက်ဘဲ။ ရှိခဲ့ရင်လည်း အနည်းလောက်ဘဲထင်တယ်။ ထိခိုက်မှုက အသိအကျမသိရသေးဘူး” လို့ ပြောပါတယ်။
၎င်းတို့ ဗုံးကြဲတိုက်ခိုက်တဲ့ ကျေးရွာတွေဟာ ကွမ်းတောင်ကျေးရွာ၊ ကုန်းတန်းကြိမ်ချောင်းကျေးရွာ၊ မက္ကလာကျကျေးရွာ၊ ညိုရောင်နဲ့ မင်းလှကျေးရွာအကြားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရသေ့တောင်မြို့နယ် မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာနဲ့ ညောင်ပင်ကြီး (မူဆလင်ရွာ)၊ မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာနဲ့ ညောင်ပင်ကြီး (ရခိုင်ရွာ)အကြားမှာလည်း ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်က ပလက်ဝမြို့နယ် စိမ့်ညှင်းဝရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ဒေသခံ ၅ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ AA က ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
AA ထိန်းချုပ်ဒေသကို စစ်တပ်က မကြာခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ထိခိုက်သေဆုံးမှုလည်း ဆက်တိုက် ရှိနေပါတယ်။
ဒေသခံတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းနဲ့ရေကြောင်းရန်ကို အထူးသတိထား နေထိုင်ကြဖို့ AA က အသိပေးထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။