အလင်း၊ ဇွန်လ ၁၁ ရက်၊ ထန်တလန်
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ CDF-Zophei ဌာနချုပ်ကို ဒီနေ့ ဇွန်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေတဆင့် ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကျန်းမာရေးဌာနမှ အတွင်းရေးမှူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မနက် ၈ နာရီခွဲမှ ၉ နာရီခွဲ တစ်နာရီနီးနီးအထိ ကြာမြင့်ခဲ့တဲ့ အဆိုပါတိုက်ခိုက်မှုမှာ ဂျက်တိုက်လေယာဉ်နဲ့ Y-12 ထောက်ပို့လေယာဉ်တွေကို အသုံးပြုပြီး ဗုံးအလုံးရေ ၃၀ ကျော်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“CDF ဇိုဖေ ဌာနချုပ်ကို စစ်ကောင်စီက မကြာခဏ ကင်းထောက်တယ်။ အဲဒီကင်းထောက်ပြီးမှ ဒီနေ့ မနက်မှာ လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်သွားတာပါ။” လို့ CDF ဇိုဖေနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ကျန်းမာရေးဌာနမှ အတွင်းရေးမှူး Van Dawt Chin ကျဆုံးခဲ့တာဖြစ်ပါတယ်။
Van Dawt Chin ဟာ မုံရွာဥပဒေကျောင်းဆင်းတစ်ဦးဖြစ်ပြီး ဇိုဖေရမ်ကောင်စီမှာ ကျန်းမာရေးဌာန အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ၅ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“တိုက်ခိုက်မှုကြောင့် ဌာနချုပ်နယ်မြေမှာရှိတဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့တယ်။ ပြီးတော့ ဇိုဖေရမ်ကောင်စီ၊ ကျန်းမာရေးဌာန အတွင်းရေးမှူးဖြစ်လည်း ကျဆုံးခဲ့ပါတယ်။” လို့ CDF ဇိုဖေနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ထိခိုက်ပျက်စီးမှုနဲ့ ဒဏ်ရာရရှိသူတွေရဲ့ အခြေအနေ အသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့အစည်းက ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။