ရဲမာန်၊ ဖေဖော်ဝါရီ ၂၃ ရက်၊ မိုးမောက်
ကချင်ပြည်နယ် မိုးမောက်မြို့နယ်နဲ့ စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်တွေထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား၇ ဦးထက်မနည်း သေဆုံးတာတွေရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂၂ ရက် ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က မိုးမောက်မြို့နယ် မိုင်ဂျာယန်ရွာအနီးကို ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၂လုံးအသုံးပြုပြီး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
“သေဆုံးသူစရင်းက ဦးဇော်တောင် အသက် ၇၈ နှစ် တစ်ဦးတော့ရပြီ။ ဒဏ်ရာရတာက ၄ ဦးပါ”
အလားတူ မနေ့ ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၅ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က ဟုမ္မလင်းမြို့နယ်ထဲက ပဲနုပ်ဆွပ်ရွာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၇ ဦးသေဆုံးခဲ့တာရှိတယ်လို့ ၎င်းကဆက်ပြောပါတယ်။
“အရပ်သား ၇ဦး သေဆုံးတာတော့သိရပြီ။ ကျန်တာ စာရင်းလုပ်နေကြတုန်း”လို့ ဆိုပါတယ်။
မနေ့တစ်ရက်ထဲမှာဘဲ စစ်ကောင်စီတပ်က ကချင်ပြနယ် ဝိုင်းမှော်၊ လိုင်ဇာနဲ့ မိုင်ဂျာယန်အနီးက ကျေးရွာ တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေရှိတယ်လို့ ၎င်းကဆက်ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။