ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ တအာင်းတပ်- TNLA ရဲ့ ရဲတပ်ဖွဲ့နဲ့ တပ်သားတွေရဲ့ စခန်းကို ကိုးကန့်တပ်က အတင်းပြောင်းရွှေ့ခိုင်းတဲ့အပြင် တပ်ဖွဲ့ဝင် ၁၉ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း TNLA နဲ့ နီးစပ်သူ သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်က မိုင်းယော်တိုက်နယ် နမ့်ခိုင်တပ်မှာ ဂိတ်စောင့်နေတဲ့ TNLA ရဲ့ ရဲ ၂ ဦးကို မောင်းထုတ်ခဲ့သလို ၂၂ ရက်မှာ ပန်ဟုံးက အုပ်ချုပ်ရေးဝန်ထမ်း ၃ ဦးကို အစည်းအဝေးလုပ်ဖို့ခေါ်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်မှာ အုပ်ချုပ်ရေးဝန်ထမ်း ၃ ဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ နေ့လယ်ပိုင်းမှာ ပန်နွဲ့နဲ့ မန်ကန်ရွာက တရားဥပဒေစိုးမိုးရေးဌာနမှ ဝန်ထမ်း ၅ ဦး၊ အုပ်ချုပ်ရေးဌာနမှ ဝန်ထမ်း ၁၄ ဦးကို ကိုးကန့်တပ်- MNDAA က ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင် ဖမ်းဆီးထားချိန်မှာလည်း MNDAA က ခြိမ်းခြောက်ပြောဆိုတာ ရှိခဲ့သလို TNLA နဲ့ မပတ်သက်တော့ကြောင်း ဝန်ခံကတိလက်မှတ် ထိုးခိုင်းခဲ့တယ်လို့လည်း သတင်းအရင်းအမြစ်က ပြောဆိုပါတယ်။
“ကိုးကန့်တွေ ပြောတာက TNLA ယူနီဖောင်း ထပ်မဝတ်နဲ့တဲ့။ ဝတ်တာ တွေ့ရင် သတ်ပစ်မယ်တဲ့”
၎င်း ၁၉ ဦးနဲ့အတူ သေနတ် ၁၅ လက်၊ ဆိုင်ကယ် ၄ စီးနဲ့ စကားပြောစက်ကို ကိုးကန့်တပ်က ထိန်းသိမ်းထားပြီး ၂၃ ရက် ည ၈ နာရီဝန်းကျင်မှာ ၁၈ ဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ၁ ဦးကိုတော့ လက်ရှိ သတင်းရေးသားချိန်အထိ MNDAA က ဆက်လက် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူဟာ TNLA ရဲ့တပ်သား မိုင်းသူရဆိုသူဖြစ်ပြီး လက်ရှိအချိန်ထိ ၎င်းနဲ့ ဆက်သွယ်ခွင့် မရတာကြောင့် အသက်အန္တရာယ် စိုးရိမ်ရပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အထက်ပါ သတင်းရင်းမြစ်က တောင်းဆိုထားပါတယ်။
MNDAA နဲ့ TNLA ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်ကတည်းက ကွတ်ခိုင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာကနေ စစ်ရေး တင်းမာလာတာဖြစ်ပြီး လက်ရှိအချိန်ထိလည်း နှစ်ဖက်တပ်အကြား စစ်ရေး တင်းမာနေဆဲ ဖြစ်ပါတယ်။
လက်ရှိမှာ ကိုးကန့်တပ်က TNLA ထိန်းချုပ်ရာ ဒေသဘက် စားသောက်ကုန်နဲ့ စက်သုံးဆီ မစီးဆင်းနိုင်အောင် တင်သွင်းခွင့် ပိတ်ထားကြောင်း ဒေသခံနဲ့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။