ဝတ်ရည်၊ မတ်လ ၅ ရက်၊ ဖားကန့်
တိုက်ပွဲ ဆက်လက် ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့ရှိ ရွှေဂေါင်ဂေါင် ကုမ္ပဏီထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကားတွေ မီးလောင်ပျက်စီးသွားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မတ်လ ၃ ရက်က ပြန်လည် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ဒီနေ့ မတ်လ ၅ ရက်အထိ ဆက်လက် ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲကတော့ တစ်နေကုန်ပါပဲ။ မနေ့ကလည်း တိုက်ပွဲက တစ်နေကုန်ပဲ။ လက်နက်ကြီး ကျတာက ကားတွေထားတဲ့နေရာ ကျတာလေ။ အခုထိ မီးကလောင်နေဆဲပဲ။ လောလောဆယ်တော့ ရန်သူဘက်က မရှီကထောင်ဘက်မှာ အင်အားတွေ ထပ်ဖြည့်ထားတယ်လို့ သိရတယ်။ အခုထိလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်နေဆဲပဲ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
မနေ့ မတ်လ ၄ ရက် နေ့လယ် ၁ နာရီခွဲကျော်မှာလည်း ကလပ်ကုန်းလမ်းကြားမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဖားကန့်မြို့မှာ တိုက်ပွဲ လဝက်ကြာ ငြိမ်သက်ခဲ့ရာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်မှာ ပြန်လည် ဖြစ်ပွားတာပဲ ဖြစ်ပါတယ်။
ဖားကန့်မှာ စစ်တပ်က နေ့စဉ်လိုလို လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုလည်း နေ့စဉ် ရှိနေပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေး တင်းမာနေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။