ပို့လဘား၊ ဇန်နဝါရီ ၂၈ ရက်၊ လားရှိုး
စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ရှိ မဟာဗောဓရုံကျောင်းတိုက်က ဘုန်းကြီးတစ်ပါး အသတ်ခံရတယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂၈ရက် မနက် ၆ နာရီခွဲဝန်းကျင်မှာ လားရှိုးမြို့ ရပ်ကွက်(၄)မှာရှိတဲ့ မဟာဗောဓရုံကျောင်းတိုက်က ကျောင်းဝင်းအတွင်းမှာ လူတစ်စုက ဝင်လာပြီး ဘုန်းကြီးတစ်ပါးကို သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။
“ဒီမနက် ၆ခွဲ၊ ၇နာရီလောက်ကပါ။ အိမ်မှာ ဆွမ်းခံကြွတဲ့ဦးဇင်းဦးကေသရပါ။ ဘာအငြိုးမှမရှိပါဘူးဗျာ။ ကျောင်းဆောင်ထဲမှာပဲ သူလုပ်ကြံခံရတာ။ ဝမ်ဗိုက်ဓါးဒဏ်ရာ၁၂ချက်နဲ့ ဦးခေါင်းငယ်ထိပ်ဖျားမှာ တူနဲ့ထုထားတာတွေ့ရပြီး သွားတွေလည်းကျိုးထားပါတယ်”
ပြစ်မှုကျူးလွန်တဲ့ တရားခံတွေကိုတော့ လက်ရှိအချိန်ထိ ဖမ်းဆီးရမိတာမရှိသေးပဲ စစ်ကောင်စီတပ်ရဲ့ ရဲတပ်ဖွဲ့တွေက ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှာလည်း လားရှိုး – သိန္နီ ပြည်ထောင်စုလမ်းမကြီးပေါ်က ကားပွဲစားတန်းအနီးမှာလည်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်စီးလာနေချိန် သေနတ်နဲ့ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ဆိုင်ကယ်လုယက်တာတွေ၊ ကားလုယက်မှုတွေ၊ ဓားပြတိုက်မှုတွေနဲ့ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီတပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရတာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။