လွေးထွေး၊ ဇန်နဝါရီ ၇ ရက်၊ ပြင်ဦးလွင်
မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ မန္တလေးကြားရှိ ဇီးပင်ကြီးဂိတ်မှာ နောင်ချိုကနေ ဆင်းလာတဲ့ ကားသမား ၃ ဦးနဲ့ မန္တလေးကနေ တက်လာတဲ့ ကားသမား ၂ ဦးကို ဇီးပင်ကြီးဂိတ်ရှိ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဘိလပ်မြေ၊ ကုန်မာနဲ့ ကုန်စုံတွေ တင်ထားတဲ့ ၉/ မှတ်ပုံတင်နဲ့ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသူ အမျိုးသားက “ကျနော်တို့ရှေ့ လေးငါးစီးလောက်မှာဘဲ အစက စစ်နေတာ။ ပြီးမှ ဟိုဘက်အတက်တွေရော ဖမ်းနေတာဆိုတော့။ ကျနော်တို့ပါ သွားပြီပေါ့။ ဒါပေမဲ့ အဲလောက်ဘဲ ခေါ်သွားပြီး ကျနော်တို့ကို လွှတ်လိုက်တာ” လို့ ပြောပါတယ်။
၎င်းဖမ်းဆီးခံရသူ ၅ ဦးထဲမှာ တအာင်းလူမျိုး ၂ ဦး ပါဝင်ပြီး ဒီနေ့ ဇန်နဝါရီ ၇ ရက် မနက်ပိုင်း သတင်းရေးသားနေချိန်အထိ ပြန်မလွှတ်လာသေးပါဘူး။
ဖမ်းဆီးခံရတဲ့ ကားသမားနဲ့ နီးစပ်သူတစ်ဦးကလည်း “သူနဲ့ အခုအထိ ဆက်သွယ်လို့ မရသေးဘူး။ ဖမ်းခံရတယ်လို့ သိတာက သူ့သူငယ်ချင်းတွေ ပြန်လာပြောပြတာ” လို့ ပြောပါတယ်။
ဖမ်းခံရတဲ့ ကားသမားနဲ့ ကုန်ပစ္စည်းတွေကို ငွေနဲ့ ပြန်လာထုတ်ဖို့ ဖမ်းခံရတဲ့ မိသားစုဝင် တချို့က ပြောဆိုတာရှိပေမဲ့ ရွှေဖီမြေက သီးခြားအတည်မပြုနိုင်သေးပါဘူး။
အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်ကလည်း ပြင်ဦးလွင်မြို့ထဲ ဝင်တဲ့ လူထုတချို့ကို ဇီးပင်ကြီးဂိတ်ရှိ စစ်ကောင်စီတပ်က မှတ်ပုံတင်ပေးထားဖို့ ပြောခဲ့ပြီး မပေးရင် ငွေကျပ် ၃ သောင်း ပေးဖို့ ခြိမ်းခြောက်ခဲ့တာတွေလည်း ရှိပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။