ရွှေဖီမြေ၊ ဇန်နဝါရီ ၂၃ ရက်
ရှမ်းမြောက် သီပေါနဲ့ မိုင်းရယ်မြို့နယ်မှာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာ ၅ ခုကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး မူးယစ်းဆေးဝါးထုတ်လုပ်ရေးစခန်းအနီး ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့ စခန်းတချို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကနေ မနေ့ ဇန်နဝါရီ ၂၂ ရက်အထိ သီပေါနဲ့ မိုင်းရယ်ကြားရှိ စိန့်ကျော့ကျေးရွာအနီးတစ်ဝိုက်အပါအဝင် မိုင်းရယ်နဲ့ ရှမ်းတောင် ကျေးသီးမြို့နယ်ကြားရှိ မန်ဖြတ်ကျေးရွာအနီးနဲ့ မိုင်းရယ်မြို့နယ်ရဲ့ အနောက်တောင်ဘက်နေရာတွေမှာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာ ၅ ခုကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
မူယစ်းဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေအပါအဝင် ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့စခန်းတွေကို လိုက်လံစီးနင်းနေစဥ် မူးယစ်ဆေးဝါး ထုတ်လုပ်ရေးစခန်းတွေကို လုံခြုံရေးယူပေးနေတယ်လို့ ယူဆရတဲ့ SSPP ရဲ့ ကာကင်းစခန်းနဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ တပ်စခန်းတစ်ခုကို သိမ်းဆည်း နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကနေ ၂၂ ရက်အထိ သီပေါနဲ့မိုင်းရယ်မြို့နယ်မှာ မူယစ်ဆေးဝါးထုတ်လုပ်နေတဲ့ နေရာ ၁၃ ခုကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဝင်ရောက်စီးနင်းနေတဲ့ သီပေါနဲ့ မိုင်းရယ်မြို့နယ်က မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာတွေဟာ SSPP ထိန်းချုပ်ထားတဲ့ နေရာတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက် ထုတ်ပြန်ချက်ထဲမှာတော့စစ်ကောင်စီဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ SSPP အနေနဲ့ ပါဝင်ပတ်သက်မှုမရှိဘဲ ပါဝင်ပတ်သက်သူတွေကို အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။
မိုင်းရယ်နဲ့ သီပေါမြို့နယ်ထဲ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးတွေကို အဓိက ထုတ်လုပ်နေတဲ့ ပင်မနေရာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။