ပို့လဘား၊ ဖေဖော်ဝါရီ ၁၇ ရက်၊ ပန်ဆန်း
“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့ရှိ KTV တစ်ခုမှာ အမျိုးသမီးတစ်ဦးက အသုံးများတဲ့ စိတ်ကြွဆေးတစ်မျိုးဖြစ်တဲ့ K ဆိုတဲ့အမှုန့်ကို အရှူလွန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦး ပြောပြချက်အရ သိရပါတယ်။
“သူက KTVထဲမှာ အလုပ်လုပ်တဲ့သူ မဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့ သွားရင်းနဲ့ အဲလိုဖြစ်သွားတာ။ ဖြစ်တဲ့အချိန်မှာ သူမဆုံးသေးဘူး။ ဆေးရုံခေါ်သွားသေးတယ်။ အသက်ရှူရပ်ပြီး နှလုံးမခံနိုင်လို့ထင်တယ်။ ဆေးရုံရောက်မှ သူသေသွားတာ”
သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက် (၃၀) ဝန်းကျင်အရွယ်သာ ရှိသူဖြစ်ပြီး မနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ပန်ဆန်းမြို့အပြင် ရှမ်းမြောက် မြို့နယ်အများအပြားမှာ လူကို စိတ်ကြွစေတဲ့ K မှုန့်နဲ့ အရည်ဖျော်သောက်ရတဲ့ ရွှေတို့ဟာ KTVနဲ့ ကလပ်တွေမှာ တရားဝင်အသုံးပြုနေကြပြီး အသုံးလွန်ပြီး သေဆုံးတာတွေနဲ့ ဆေးရုံ၊ဆေးခန်းတွေမှာ ဆေးသွားရောက်ကုသရတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်ကလည်း တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ရှိ KTVတစ်ခုထဲမှာ ဗန်းမော်မြို့က အမျိုးသမီးတစ်ဦး K ရှူလွန်ပြီး သေဆုံးသွားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။