ရွှေဖီမြေ၊ မတ်လ ၁၀ ရက်၊ ကျောက်မဲ
ရှမ်းမြောက် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စု ပုံဝိုးနဲ့ ကွမ်ဟင်ရွာအနီး စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ SSPP ဘက်က ထုတ်ပြန်လာပါတယ်။
ဒီနေ့ မတ်လ ၁၀ ရက် မနက် ၁၁ နာရီကျော်မှာ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဥ်ဟာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၁၁၅ မှ အင်အား ၁၀၀ ခန့်ဟာ SSPP တပ်စခန်း တည်ရှိတဲ့ ပုံဝိုးရွာအနီးဘက် ထိုးစစ်ဆင် ဝင်ရောက်လာပြီး စတင်ပစ်ခတ်ရာကနေ နှစ်ဖက်တပ်အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲဟာ မနက် ၁၁ နာရီကနေ နေ့လယ် ၁၂ နာရီခွဲအထိ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်တပ် ထိခိုက်ကျဆုံးမှု ရှိမရှိ မသိရသေးဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိအချိန်မှာ စစ်တပ်ဘက်က ပုံဝိုး၊ ကွမ်ဟင်၊ တော်လေနဲ့ လေလွယ်ရွာတွေမှာ စစ်အင်အား ဖြည့်တင်းနေပြီး နှစ်ဖက်တပ် စစ်ရေး တင်းမာမှု ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။