ပို့လဘား၊ ဖေဖော်ဝါရီ ၄ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာမှာ ရွှေတူးဖော်နေတဲ့ ကိုးကန့်တပ် (MNDAA) ကို ကန့်ကွက်ဆန္ဒပြကြတဲ့ ဒေသခံတွေကို MNDAA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာမှာ ရွှေ လာရောက်တူးဖော်နေတဲ့ ကိုးကန့်တပ်ဟာ ဒေသခံတွေရဲ့ ခွင့်ပြုချက်မရရှိဘဲ ကျေးရွာနယ်မြေအတွင်းရှိ လယ်ယာနဲ့ ချောင်းမြောင်းတို့ကို ပျက်စီးစေတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ ဒေသခံတွေက ဆန္ဒပြ ကန့်ကွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“သူတို့ တူးတာတော့ တော်တော်ကြာပြီ။ အစောပိုင်းက ရွာနဲ့ဝေးတော့ ဘာမှ မပြောသေးဘူး။ အခုက ရွာနဲ့ နီးလာတာရော လယ်ကွက်နားထိလည်း ရောက်လာပြီ။ ရွှေတူးဖော်မှုကြောင့် နမ့်ပေါင်ချောင်းက ရေအမြဲနှောက်တယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ အဲမှာအဓိက လုပ်နေတာက “ဝ” စီးပွားရေးလုပ်ငန်းရှင်နဲ့ တရုတ်တွေ ပေါင်းပြီး လုပ်နေကြတာ”
အဲဒီရွှေတူးဖော်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ဒေသခံတွေနဲ့ ကိုးကန့်တပ်တို့အကြား အချင်းချင်း အငြင်းပွားခဲ့ကြပြီး အဲဒီဆန္ဒပြတဲ့ ဒေသခံ (၃၆) ဦးကိုလည်း ကိုးကန့်တပ်က ၎င်းတို့ကို သိန္နီမြို့ဘက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
“သိန္နီဘက် ခေါ်သွားတယ်။ လုံခြုံရေးစောင့်တဲ့ ကိုးကန့်တပ်သားကို သူ့တို့က ပြန်ဝင်လုံးလို့ ကိုးကန့်က ပြောတယ်။ စစ်ကောက်တဲ့အချိန်မှာ လူမရှိဘူးပြောပြီး အခုကျတော့ လူအင်အား အများကြီးနဲ့ ဝိုင်းလုံးတော့ ဟိုက သေနတ်ဖောက်တာပါ။ ပုံမှန်ဆန္ဒပြတာလောက်ဆိုရင် အဲလောက်ထိ မဖြစ်ဘူးထင်တာဘဲ”
အဆိုပါ သိန္နီမြို့ဘက် ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ဆန္ဒပြသူ (၃၆) ဦးထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က (၂၇) ဦးကို ပြန်လွတ်လာပေးပေမဲ့ ကျန်တဲ့ (၉) ဦးကိုတော့ လက်ရှိအချိန်ထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ဓာတ်ပုံ – Local (ကွတ်ခိုင်မြို့နယ်ထဲက ရွှေလုပ်ကွက်တစ်ခု – ပုံဟောင်း)
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။