ရဲမာန်၊ မတ်လ ၆ ရက်၊ တောင်ကုတ်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ တစ်ရက်အတွင်း စက်သုံးဆီဆိုင် ၂ ဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မတ်လ ၅ ရက်မှာ ကိုင်းရှည်ရပ်ကွက်နဲ့ ကင်းတောင်ရွာက စက်သုံးဆီဆိုင် မီးလောင်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“ကိုင်းရှည်ရပ်ကွက်မှာ မီးက တော်တော်ပြင်းတယ်။ အဲမှာ စက်သုံးဆီဆိုင်အနီးက နေအိမ် ၁ လုံးနဲ့ စားသောက်ဆိုင် ၁ ဆိုင် မီးထဲ ပါသွားတယ်။ ကင်းတောင်ကျေးရွာက ဦးစိန်စုပိုင်တဲ့ ဆီဆိုင် မီးလောင်သွားတာ။ အဲမှာလည်း ကလေးငယ် ၂ ဦး အနည်းငယ် ဒဏ်ရာ ရသွားတယ်”
မီးလောင်မှုကြောင့် လက်ရှိ ပေါက်ဈေးအရ အနည်းဆုံး သိန်းထောင်ချီ ဆုံးရှုံးနစ်နာမှု ရှိတယ်လို့ ၎င်းက ပြောပါတယ်။
“ရခိုင်မှာက 92 ဆီ တစ်ဂါလံကို ၃ သောင်းလောက် ရှိတယ်။ အခုဒီရက်တွေဆိုရင် ပိုပြီးတော့ ဈေးတက်တယ်။ ဒီရက်ထဲမှာ ၁ လီတာကို ၃ သောင်းခွဲ ၄ သောင်း ဖြစ်သွားတာရှိတယ်”
အာရက္ခတပ်တော်- AA ဘက်ကလည်း မီးဘေးအန္တရာယ်နဲ့ ပက်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေကို ပညာပေးပြောဆိုတာ ရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။