မိုင်းဖိူမ်းဆငဲ၊ ဇန်နဝါရီ ၁၇ ရက်၊ မူဆယ်
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ် – TNLA၊ ရခိုင့်တပ် – AA၊ ကိုးကန့်တပ် – MNDAA တို့ ပူးတွဲထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ ကုန်သွယ်ရေးပြန်စနေပြီလို့ ကုန်သည်တွေဆီကနေ သိရပါတယ်။
၁၀၅ မိုင် ကျင်စန်းကျော့ နယ်စပ်ဂိတ်မှာ ရှမ်းမြောက်က ထွက်တဲ့ ကြံ၊ ပြောင်းဖူး စတဲ့ကုန်ကြမ်းတွေကို့ တရုတ်ပြည်ထဲ တင်ပို့ခွင့်ရရှိလာပြီဖြစ်သလို တရုတ်ပြည်ကနေ မြန်မာနိုင်ငံထဲကို စားသောက်ကုန်နဲ့ အဝတ်အထည်တွေ တင်သွင်းခွင့်ပြန်လည်ရရှိလာပြီလို့ ဆိုကြပါတယ်။
တရုတ်ပြည်ကနေ မြန်မာနိုင်ငံထဲ အခြေခံ လူသုံးကုန်နဲ့ စားသောက်ကုန်ပစ္စည်းတွေ ပြန်လည်တင်သွင်းခွင့် ရရှိလာပြီဖြစ်ပေမဲ့ ရှမ်းမြောက်ရှိ စစ်ကောင်စီတပ် ထိန်းချုပ်တဲ့မြို့တွေမှာ တရုတ်ကုန်ပစ္စည်းတွေကို တရားမဝင်ကုန်ပစ္စည်းလို့ သတ်မှတ်ပြီး ဖမ်းဆီးမှုတွေရှိနေပါတယ်။
လားရှိုးမြို့ ကုန်သည်တွေနဲ့ နီးစပ်သူတစ်ဦးက “လားရှိုးမြို့ထဲက ကုန်သည်တစ်ဦးဆိုရင် တရုတ်ဖက်က ဖိနပ်နဲ့ အဝတ်အထည်တွေကို အရင်ကတည်းက ကူးသန်းရောင်းဝယ်နေတာ၊ ဒီလို ဖမ်းဆီးတာတွေ အောက်ဖက်ကို တရုတ်ကုန်တွေ သယ်လို့မရဘူးဆိုလို့ ဂိုဒေါင်ထဲထားဦး အဲဒါကို ဒီအတိုင်း လှောင်ထားတာကို သတင်းပေးအရဆိုပြီး ဝင်ဖမ်းသွားပါတယ်။” လို့ ရွှေဖီမြေကို ပြောပါတယ်။
မဲခေါင်သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီနေ့ ဇန်နဝါရီ ၁၇ ရက်အထိ ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကိုခံရတဲ့ တရုတ်ကုန်ပစ္စည်းတင် ကုန်တင်ကား ၈၀ ကျော် ရှိလာပြီလို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ဒီလိုဖမ်းဆီးတာဟာ သူအခွန်မရတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထိန်းချုပ် ၁၀၅ မိုင် ကျင်စန်းကျော့ နယ်စပ်ဂိတ်ကနေဝင်လာတဲ့ ကုန်ပစ္စည်းတွေဖြစ်ပြီး အဲလိုဖမ်းဆီးမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ အခြေခံ ကုန်ပစ္စည်းတွေ ဈေးပြန်လည်မြင့်တက်လာနိုင်တယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။