ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၂ ရက်
မွန်ပြည်နယ် မော်လမြိုင် – ရန်ကုန် ပြည်ထောင်စုလမ်းမပေါ် ခရီးသွားတဲ့ လူထုတွေထဲမှာမှ ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်တဲ့ လူထုတွေလည်း ရဲစခန်းနဲ့ ရပ်ကွက်ထောက်ခံစာပါရင် လွတ်လပ်စွာ သွားလာလို့ရကြောင်း ယာဉ်လိုင်းတွေက ပြောဆိုထားတယ်လို့ ခရီးသည်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်ကစပြီး ၎င်းလမ်းပေါ်မှာ ခရီးသွားတဲ့ ၁၃ မျဉ်းစောင်းကိုင်ဆောင်တဲ့ ခရီးသွားပြည်သူတွေကလည်း တခြားခရီးသည်တွေနဲ့နည်းတူ သွားလာနိုင်တယ်လို့ ဆိုပါတယ်။
”လိုင်းကားတွေက အရင်လို မတင်တာမျိုး မပြောတော့ဘူး။ ပုံမှန်ကားခနဲ့ ပုံမှန်ပြန်သွားလို့ ရပြီတဲ့” ဆိုပြီး ၁၃ မျဉ်းစောင်း ကိုင်ဆောင်တဲ့ နမ့်ဆန်မြို့နယ်က အမျိုးသားက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်မှာ ရှမ်းပြည်အပြင် မြန်မာနိုင်ငံအတွင်း ခရီးသွားလိုတဲ့ ၁၃ မျဉ်းစောင်း ကိုင်ဆောင်ထားတဲ့ ခရီးသည်တွေအပါအဝင် ကျန်တဲ့ မျဉ်းစောင်းတွေလည်း ရဲစခန်းနဲ့ ရပ်ကွက်ထောက်ခံစာ ပါကြဖို့ကို စစ်ကောင်စီတပ်က မန္တလေးက ကားဂိတ်တချို့နဲ့ ရှမ်းတောင်ရှိ ကားဂိတ်တွေကို ပြောဆိုထားကြောင်း ခရီးသွားလူထုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၂၂ ရက်မှာ မော်လမြိုင်သို့ ရောက်နေတဲ့ ရှမ်းမြောက် ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူတွေကို မော်လမြိုင်ရှိ တည်းခိုခန်းနဲ့ ဟိုတယ်မှာ တည်းခိုခွင့် ကန့်သတ်ခံခဲ့ရသလို လိုင်းကားစီးခွင့်လည်း မရှိခဲ့ကြောင်း ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။