အသက် ၃၀ ကျော် ဒေါ်ငင်းဟာ သားသမီး ၅ ဦးအထိ မွေးဖွားခဲ့ပေမဲ့ လက်ရှိမှာ သားတစ်ဦးနဲ့ သမီးနှစ်ဦးသာ ကျန်ရစ်ခဲ့ပါတယ်။
ကျန်တဲ့ သားသမီး ၃ ဦးကတော့ ဖျားနာရာကနေ ဆေးမကုသနိုင်တာကြောင့် သေဆုံးသွားတယ်လို့ ဒေါ်ငင်းက ပြောပြပါတယ်။
ဒီလိုဖြစ်စဉ်တွေဟာ ဒေါ်ငင်းတို့နေထိုင်တဲ့ ဝေးလံခေါင်သီတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှာရှိတဲ့ လူထုတွေအတွက် အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။
ဆေးခန်းလည်း မရှိသလို ဆေးရုံဆေးခန်း ရှိတဲ့နေရာနဲ့ အလှမ်းဝေးလွန်းတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှု မရကြဘဲ ကလေးငယ် သေဆုံးမှုတွေဟာ လစဉ်လိုလို ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။
နေမကောင်း ဖြစ်လာရင် နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားရောက်နိုင်ဖို့ အချိန်၊ ငွေကြေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အသက်တွေ မသေဆုံးသင့်ဘဲ သေဆုံးနေကြရပါတယ်။