လွေးဇွန်မိုး၊ ဇွန်လ ၆ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဦးအောင်စိုးမင်းကို စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီးနောက် ၅ လအကြာမှာ သေဆုံးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဦးအောင်စိုးမင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက ပြင်ဦးလွင်မြို့မှာ တိမ်းရှောင်နေစဉ် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက စစ်ကြောရေးစခန်းမှာ ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။
ဦးအောင်စိုးမင်းနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက “ကျနော်သိရသလောက် စစ်ကြောရေးမှာ စစ်ရင်းနဲ့ ကျဆုံးသွားတယ်လို့ သိရတယ်ဗျ။ အတည်လည်း ပြုလို့ရတယ်။ ကျဆုံးတာ အတည်ပြုတာကလွှဲရင် တစ်ခြားဟာ ဘာမှတိတိကျကျ ကျနော်လည်း မသိရဘူးဗျ။ ဒီစစ်ကြောရေးမှာ ကျဆုံးတယ်ဆိုတာကတော့ မဖြစ်သင့်ဘူးပေါ့လေ။ ရန်သူကတော့ ရန်သူအလုပ် ပုံမှန်လုပ်မြဲ လုပ်နေကျပါပဲ။ ကျနော်တို့လည်း လုပ်စရာရှိတာ လုပ်မှရမှာပေါ့” လို့ပြောပါတယ်။
ဦးအောင်စိုးမင်းဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြုပြီး ရွာငံမြို့နယ်မှာ ပြည်သူ့လွှတ်တော်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
“သူကတော့ တကယ်ပြည်သူ့အမတ်ပါဗျ။ သူက အမြဲတမ်း လူထုအတွက် တစ်ခုမဟုတ်တစ်ခု အနည်းဆုံးတစ်ခုတော့ အမြဲတမ်း လုပ်နေတဲ့သူပါဗျ။ လူထုတွေရဲ့ ယုံကြည်မှုလည်း အပြည့်အဝရထားတယ်။ သဘောလည်း အရမ်းကောင်းတယ်။ ဒီလိုပဲ လူကြီး လူငယ် ဘယ်သူပဲနေနေ သူဆွဲခေါ်တယ်။ သင်ပြပေးတယ်။ ညွှန်ပြပေးတယ်။ ကျနော်တို့အတွက်တော့ အစ်ကိုကြီးတစ်ယောက်လိုပါပဲဗျ” လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လမှာလည်း မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို စစ်ကောင်စီတပ်ရဲ့ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ညှဉ်းပန်းနှိပ်စက်တာနဲ့ ဆေးကုသခွင့် လုံလုံလောက်လောက် မရခဲ့တာကြောင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၃ ဦး အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦး စုစုပေါင်း ကိုယ်စားလှယ် ၅၉ ဦးကို လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်တယ်လို့ CRPH က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကိုယ်စားလှယ်အများအပြားနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေက တိမ်းရှောင်နေကြရပြီး ၎င်းတို့ရဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က ချိပ်ပိတ်ထားတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။