လွေးဇွန်မိုး၊ ဇွန်လ ၂၈ ရက်၊ မူဆယ်
တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့မှာရှိတဲ့ ကျားဖျန်ရုံတစ်ခုက ကျားဖျန်လုပ်ကိုင်သူ အမျိုးသား ၂၀ ကျော်ဟာ မူဆယ်မြို့၊ မန်ဝိန်း (၂) လမ်းမှာရှိတဲ့ နမ့်ခမ်းမြို့မပြည်သူ့စစ်(၂) ရုံးမှာ သွားခိုအောင်းနေတယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်ကစပြီး မူဆယ်မြို့ရှိ ကျားဖျန်ရုံက ကျားဖျန်လုပ်ကိုင်ပြီး အခွန်မဆောင်သူတွေကို စစ်ကောင်စီတပ်က ဖမ်းစီးနေတာကြောင့် ကောင်းမူလွယ်ရပ်ကွက်မှာရှိတဲ့ ကျားဖျန်လုပ်ကိုင်သူ အမျိုးသား ၂၀ ကျော်ဟာ နမ့်ခမ်းမြို့မပြည်သူ့စစ်(၂)ရုံးမှာ ရွှေ့ပြောင်းခိုအောင်းနေကြတာလို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
“အဲဒီမှာ ကျားဖျန်တွေက လာပုန်းနေကြတာ။ အစက ၂ ရက်လာနေပြီး ပြန်သွားတယ်။ ရဲတွေပြန်လာစစ်တော့ ဒီဘက်ပြန်လာတာ။ မူဆယ်မှာက ကျားဖျန်လုပ်တဲ့သူတွေများတယ်လေ။ တစ်နေရာ မတွေ့ရင် တစ်နေရာတော့ ဖမ်းမိမှာပဲ။ ဒီမှာက တိုက်နည်းနည်းမြင့်ပြီဆို ကျားဖန်တွေပဲ။ အဲဒီပြည်သူ့စစ်ရုံးကိုတော့ ရဲတွေ လာမစစ်ဘူးလေ။ သူတို့စီ အခွန်မဆောင်ချင်တဲ့သူတွေကိုပဲ လိုက်ဖမ်းတာထင်တယ်”
လက်ရှိ မူဆယ်မြို့မှာ ကျားဖြန်ရုံ ၁၀၀ နီးပါးရှိပြီး စစ်ကောင်စီတပ်ဟာ ၎င်းတို့ထံ လိုင်းကြေးမပေးတဲ့ကျားဖျန်ရုံတွေကိုသာ ဖမ်းဆီးတာ ဖြစ်တယ်လို့ မူဆယ်မြို့ရှိ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒါ့အပြင် အဲဒီကျားဖျန်ရုံဟာ စစ်ကောင်စီလက်အောက်ခံ ရဲတွေစီကို ငွေပေးထားတာကြောင့် ကျားဖျန်ရုံကို ဝင်မစစ်ဆေးခင် ရဲတွေက နေရာရွှေ့ပြောင်းဖို့ ကြိုတင်အသိပေးထားပြီးသားဖြစ်တယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။
“စစ်ကောင်စီတွေသက်သက်ပဲဆိုရင် လာမဖမ်းဘူး။ ကျားဖျန်ရုံတွေ အကုန်လုံးက သူတို့စီအခွန်ဆောင်ထားတာကိုး။ တရုတ်ရဲတွေကလာပြီး သူတို့ကို ပိုက်ဆံပေးပြီး ကျားဖျန်ရုံတွေရှိတဲ့နေရာ လိုက်ပြခိုင်းတာ။ အဲချိန်ဆိုရင် သူတို့ကို ပိုက်ဆံများများပေးတဲ့ရုံဆို သူတို့မပြဘူး။ ပိုက်ဆံနည်းနည်းပေးတဲ့ နေရာတွေပဲ လိုက်ပြပြီး ဖမ်းတာ။ အခုလည်း ရဲတွေက သူတို့(ကျားဖျန်)နေတဲ့ဘက် ပြန်လာစစ်တာ။ ဒါပေမယ့်လည်း သူတို့က ရဲတွေစီ ပိုက်ဆံပေးထားတာလေ။ မြန်မာပြည်ဘက်ကရဲတွေနဲ တရုတ်ရဲတွေနဲ့ တူတူ လာစစ်တော့မယ်ဆိုရင် ရဲတွေက သူတို့ကို သတင်းကြိုပေးထားပြီးသား။ အဲလိိုဆို ရဲတွေ သူတို့ရုံမရောက်ခင် သူတို့ရှောင်ပြီလေ”
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်မှာ မူဆယ်မြို့ စွမ်စော်နဲ့ ကောင်းမူတုံရပ်ကွက်ရှိ ကျားဖြန်ရုံကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၄၁ ဦးနဲ့ မြန်မာနိုင်ငံသား ၉၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မူဆယ်မြို့က အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖျန်) လုပ်ကိုင်သူတွေထဲမှာ တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား ၅ သောင်းနီးပါးလည်း ပါဝင်လုပ်ကိုင်နေကြတယ်လို့ မူဆယ်မြို့မ ရဲစခန်းရှိ ရဲဝန်ထမ်းတစ်ဦးက ရွှေဖီမြေကို ပြောဆိုထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။