Hlar Nyiem, ဇွန်လ ၁၇ ရက်၊ မူဆယ်
တရုတ်-မြန်မာနယ်စပ်က မူဆယ်မြို့မှာ ဌာနဆိုင်ရာတွေထံ လိုင်းကြေးပေးဆောင်ခြင်းမရှိပဲ ဖွင့်လှစ်ထားတဲ့ ကျားဖြန့်ရုံနှစ်ရုံဟာ ဝင်ရောက်စီးနင်းခံရပြီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၄၁ ဦးနဲ့ မြန်မာနိုင်ငံ ၉၇ ဦး စုစုပေါင်း ၁၃၈ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သိရှိရပါတယ်။
မူဆယ်မြို့ စွမ်စော်ရပ်ကွက်က (၁)လမ်းနဲ့ (၂)လမ်းကြားက ကျားဖြန့်ရုံနဲ့ ဟိုနားရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ကျားဖြန့်ရုံကို မြို့နယ်ရဲတပ်ဖွဲ့နဲ့ အင်အား (၁၅) ဦးပါဝင်တဲ့ စစ်ကောင်စီတပ်တို့က မနေ့ ဇွန်လ ၁၆ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
“ခုဖမ်းခံရတဲ့ ရုံနှစ်ရုံက လိုင်းကြေးမပေးတဲ့ ရုံ။ ရဲစုတ်တွေက လိုင်းကြေးပေးရင် ဘယ်ဖမ်းမလဲ။ ဒီလုပ်ငန်းစဉ်ကို ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်တာ။ အမိန့်ပေးတာတော့ တပ်မမှူးပေါ့” ဆိုပြီး ဌာနဆိုင်ရာတွေနဲ့ နီးစပ်သူအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးကာ နန်းတော်ပေါက်ကနေ တရုတ်ထံ ပြန်လည်လွှဲပြောင်းမှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေကိုတော့ အီလက်ထရောနစ်ဥပဒေနဲ့ တရားစွဲဆိုသွားမှာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့တို့က မူဆယ်မြို့မှာ ကျားဖြန့်လာရောက်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၁) ထောင်ကျော်နဲ့ ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံသား (၇၀၀) ဝန်းကျင် ပူးပေါင်းဖမ်းဆီးခဲ့ပြီး သူတို့တွေအားလုံးကို တရုတ်ထံ ပြန်လည်လွဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။