မိုင်းရူပ၊ ဇွန်လ ၂၇ ရက်၊ နောင်ချို
တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အနီးက ကျေးရွာတွေထဲက စစ်ကောင်စီတပ်ထံ လက်လွှတ်ခံရတဲ့ နေရာတချို့ကို တအာင်းတပ်ဘက်က ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း နောင်ချိုမြို့အနီးရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ နောင်လင်ကျေးရွာနဲ့ ပြင်ဦးလွင်- နောင်ချိုကြားရှိ အုမ္မခါးကျေးရွာတွေ တိုက်ပွဲပြင်းထန်နေပါတယ်။
TNLA ဘက်က ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်စပြီး ၎င်းတို့လက်လွှတ်ထားရတဲ့ လုံစံ၊လက်ပန်ကုန်းနဲ့ နောင်လင်စတဲ့ ကျေးရွာတွေကို ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“၂၄ ရက်နေ့က ထိုးစစ်ပြန်စတယ်။ တစ်ရွာလုံး ပြန်ရတာတော့ မရှိသေးတယ်။ စစ်ကောင်စီဘက်ကလည်း ပြန်ထိုးတာရှိတယ်။ တိုက်ပွဲကတော့ ဆက်ပြင်းထန်နေတယ်။ ဘာဆက်ဖြစ်မလဲတော့ ပြောလို့မရသေးဘူး။ ၂ ဖက်လုံးက အပြန်အလှန်ထိုးစစ်ဆင်နေတဲ့ အခြေအနေဖြစ်တယ်” လို့ ဆိုပါတယ်။
တအာင်းတပ်ဘက်ကတော့ မနေ့ ဇွန်လ ၂၆ ရက်က နောင်ချိုတိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီး ၇၀ လုံးနဲ့ ဒရုန်းဗုံး ၁၇ လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဇွန်လ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ စစ်အင်အားထောင်နဲ့ချီအသုံးပြုပြီး ထိုးစစ်တိုက်ခိုက်နေပြီး TNLA နဲ့ ပူးပေါင်းတပ်တွေဘက်ကလည်း နောင်ချိုမြို့လက်မလွတ်ရရေး အပြင်းအထန်ခုခံနေပါတယ်။
နောင်ချိုမြို့အနီးက တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။