ပို့လဘား၊ ဇူလိုင် ၁ ရက်၊ နောင်ချို
တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် သုံးဆယ်ရွာကိုစစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ၃ဦး သေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်မြေပြင်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ နေ့လယ် ၃နာရီမှာ စစ်ကောင်စီတပ်က သုံးဆယ်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသား ၃ဦး သေဆုံးခဲ့တာဖြစ်ပြီး ၁ ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
“လေးကြိမ်လာချတယ်။ ပြီးတော့ ဗုံး ၁၁လုံးနဲ့လည်း ပစ်တယ်။ နေအိမ်၂ လုံးထိပြီး ဘုန်းကြီးကျောင်းဆောင်လည်း ၂ဆောင်ထိတယ်” လို့ ဆိုပါတယ်။
နောင်ချိုမြို့နယ်က မျက်ချင်းနုကျေးရွာနဲ့ နောင်ဩကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ TNLAတို့အကြား မနေ့ ဇွန်လ ၃၀ ရက်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်ကလည်း နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံး အသုံးပြုပြီး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့လည်း ပစ်ကူတိုက်ခိုက်ခဲ့လို့ မြို့တွင်းနေအိမ်ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။