ယာရူစိင်၊ ဇွန်လ ၁၂ ရက်၊ နမ္မတူ
နမ္မတူမြို့နယ် မန်လီကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ထပ်မံ ကြဲချတိုက်ခိုက်လို့ ဘုန်းကြီးကျောင်း ၂ ဆောင်နဲ့ စာသင်ကျောင်း ၂ ဆောင် ပျက်စီးသွားခဲ့တယ်လို့ မန်လီရွာခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇွန်လ ၁၂ ရက် မနက်အစောပိုင်း ၁ နာရီမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံးနှစ်လုံးကို နှစ်ကြိမ် လာရောက် ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“အခု ကြဲချသွားတဲ့ ကျောင်းဆောင်တွေက အရင်နှစ် စစ်တပ်က ကြဲလို့ ပျက်စီးသွားတဲ့ ကျောင်းတွေပါ။ ဒါပေမဲ့ အရမ်းပျက်စီးသွားတာမျိုး မဟုတ်ဘူးပေါ့။ ဒီနေ့မနက် ပြန်ကြဲလို့ အကုန်လုံး ပျက်စီးသွားတာပေါ့။ စာသင်ကျောင်းကတော့ ကလေးတွေ ကျောင်းတက်ဖို့အတွက် ပြန်ပြင်ထားတဲ့နေရာတော့ သိပ်မထိဘူး။ အဓိက ကျောင်းဝန်းထဲ ကျတာပေါ့နော်”
လက်ရှိမှာတော့ မန်လီရွာခံတွေဟာ စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲမှာ စိုးရိမ်တာကြောင့် ကျေးရွာအနီးရှိ ပန်လုံ၊ ပန်သပြေရွာဘက် ထွက်ပြေးတိမ်းရှောင်နေကြပြီး တချို့ဒေသခံတော့ တောင်ယာဘက် တိမ်းရှောင်နေကြရတယ်လို့ ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဗုံးကြဲချမှုမှာ မန်လီကျောင်းထိုင်ဆရာတော်လည်း အသက်ဘေးကနေ ကပ်သီးလေး လွတ်သွားကြောင်း ရွှေဖီမြေကို မိန့်ပါတယ်။
“ပထမအသံကြားတော့ အိပ်တဲ့ သိမ်ထဲကပြေးပြီး ရေကန်နောက် သွားပုန်းလိုက်တာ။ ပြီးတာနဲ့ အဲသိမ်ကို ချတော့တာဘဲ။ မဟုတ်ရင် တစ်စချင်းစီ ဖြစ်ကုန်ပြီ”
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က မန်လီရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတာကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်ကလည်း တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ မန်လီရွာ ဘုန်းကြီးကျောင်းကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခဲ့လို့ တာဝန်ကျတဲ့ ဆရာမတစ်ဦး သေဆုံးခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။