ယာရူစိင်၊ ဇူလိုင် ၂ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့နဲ့ သိန္နီမြို့အထွက်ဖြစ်တဲ့ အေတီတံတားမှာ ကုန်ကားတွေထံ စစ်ကောင်စီတပ်က ငွေ သိန်းချီ တောင်းနေတယ်လို့ ပေးဆောင်ခဲ့ရတဲ့ ကုန်ကားမောင်းသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၁ ရက်နေ့က ကွတ်ခိုင်မြို့ကနေ လားရှိုးဘက်ဆင်းလာတဲ့ ကုန်ကားတစ်စီးကို အေတီတံတားမှာ လုံခြုံရေးတာဝန်ယူနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကုန်ကားသမားထံ ငွေ ၁၅ သိန်းထက်မနည်း တောင်းခဲ့တာပါ။
“ကျနော်က ကုန်တင်လို့ဆိုပြီး စစ်မေးတယ်ပေါ့လေ။ ကျနော်ကားကို ဘေးမှာခနရပ်ခိုင်းတယ်။ သူတို့ ကျနော်ကို တားထားတာက ၂ နာရီလောက်ကြာမယ်။ အဲချိန်လောက်မှ ကျနော်ကို ပြန်စစ်မေးတယ်ပေါ့။ အစတော့ တပ်သားတစ်ယောက်က ၅ သိန်းပဲတောင်းတယ်ပေါ့။ မဟုတ်ပြန်ဘူး နောက်နှစ်ယောက်က ထပ်လာတယ်။ ၁၀ သိန်း ထပ်တောင်းတာ။ သူတို့ စကားတွေက မညီဘူး ဖြစ်နေတာ။ ကျနော် အမျိုးသမီးနဲ့ သမီးလဲ ပါတာဆိုတော့။ သူတို့ကို ပြောကြည့်ပေမဲ့ မရတဲ့ အဆုံးမှာ ပေးလိုက်တာ”
ငွေ ၁၀ သိန်းပေးဆောင်ပြီးတဲ့နောက်မှာ တခြားတပ်သားတွေရဲ့ အသုံးစရိတ်ဖိုးအတွက်ဆိုပြီး ထပ်မံတောင်းခံတာကြောင့် နောက်ထပ် ၅ သိန်းခွဲ ပေးခဲ့ရတယ်လို့ ကုန်ကားမောင်းသူက ဆက်ပြောပါတယ်။
နောက်ထပ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးကလည်း“အေတီတံတားမှာက ကောက်ချင်သလို ကောက်တယ်ဗျ။ ကျနော်ပေးရတာက ၅ သိန်း တစ်ခါနဲ့ ၇ သိန်း တစ်ခါပေါ့။ ပိုက်ဆံကောက်ဖို့အတွက် ဘယ်လောက်ကောက်ရမှာဆိုပြီး သတ်မှတ်ထားတာလည်း မရှိဘူးလေ။ ကျနော်ပဲ ငွေ ဆောင်ရတာမဟုတ်ဘူး။ ကျနော် အသိတွေထဲက ကုန်ကားမောင်းတဲ့ သူတွေလည်း ပေးနေရပါတယ်။ သတင်းမထွက်တာ တစ်ခုပဲရှိတယ်။ တကယ်ဆို ကားသမားအများစုက ပေးရတယ်လေနော်”လို့ ပြောပါတယ်။
အိမ်စီးကားနဲ့ ကုန်ကားအသေးတွေကိုတော့ ငွေ ၂ သိန်းကနေ ၅ သိန်းအထိအခြေအနေပေါ် မူတည်ပြီး ညှိနှိုင်းပေးဆောင်ရတယ်လို့ ဆိုပါတယ်။
အေတီတံတားမှာ ဂိတ်စောင့်တပ်သားတွေက ကားအသေးတွေထံ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က ငွေ စတင်ကောက်ခံနေတာဖြစ်ပြီး ကုန်ကားအကြီးတွေကိုတော့ ဧပြီ ၂၄ ရက်မှာ ကောက်ခံခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် လားရှိုး-နမ္မတူလမ်းခွဲမှာလည်း ဖြတ်သန်းသွားလာတဲ့ ကုန်ကားသမားတွေဆီကနေ စစ်တပ်က ငွေ ၅ သောင်းကနေ သိန်းချီအထိ တောင်းခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
လားရှိုးမြို့အတွင်းမှာလည်း ဖြတ်သန်းသွားလာကြေးအတွက်ဆိုပြီး စစ်တပ်၊ ရဲနဲ့ ယာဉ်ထိန်း စတဲ့ဌာနဆိုင်ရာတွေက ငွေကောက်ခံတာ ရှိနေတယ်လို့ စုံစမ်းသိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။