ယာရူစိင်၊ ဇူလိုင် ၄ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့-သီပေါအထွက် ရန်တိုင်းအောင်ဘုရားအနီးရှိ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ ၄၁) ဂိတ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ၈ ခုထက်မနည်း တပ်ဆင်ထားတာ တွေ့ရှိရတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးအဝင် ခလရ ၄၁ ဂိတ်မှာ တပ်ဆင်ထားတဲ့ လက်နက်တွေကို ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ကတည်းက တပ်ဆင်ထားတာဖြစ်ပြီး သီပေါဘက်ကိုသာ ပစ်မှတ်ထားပြီး လက်နက်ကြီးတွေချိန်ထားတယ်လို့ ဆိုပါတယ်။
“လက်နက်ကြီးလို့ ပြောရမယ်ထင်တယ်။ ၄၁ ဂိတ်မှာ ဝိုင်းဝိုင်းလည် တပ်ဆင်ထားတာတော့ မဟုတ်ဘူး။ အဓိက သီပေါဘက်ကို ချိန်ထားတာပဲတွေ့ရတာ။ ဘာလုပ်ဖို့ တွေးနေတာလဲ မသိဘူး။ တပ်ထဲမှာလည်း အင်အားတွေအရင်ကထက် ၂ ဆ ပိုတိုးလာတာ တွေ့ရတယ်”
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်က စစ်တပ်ဟာ လားရှိုးမြို့ထဲကို လက်နက်၊ အင်အားအပါအဝင် အမြှောက်ကားတွေကိုလည်း ထပ်ဖြည့်ထားတာပါ။
နောက်ထပ် လားရှိုးမြို့ခံ တစ်ဦးက”ဒီရက်ပိုင်းတော့ အင်အားဖြည့်ထားတာ မတွေ့ရဘူး။ ဇွန်လတုန်းကတော့ တစ်ခါဖြည့်ရင် ကားအစီး ၂၀ စီး ၃၀ စီးနဲ့ ဖြည့်တာလေ။ အဲဇွန်လ အတွင်းမှာတော့ အင်အားထပ်ဖြည့်ထားတာက ၁၂၀၀ ဖြည့်ထားတာ”
စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ထဲကို နေ့စဉ်လိုလို ပုံစံမျိုးစုံနဲ့ ဝင်ရောက်နေပြီး အုပ်ချုပ်ရေး ယန္တရားလည်း လည်ပတ်ဖို့ လုပ်ဆောင်နေပါတယ်။
တရုတ်ရဲ့ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်က ထွက်ခွါခဲ့တာပါ။
စစ်ကောင်စီရဲ့ အရှေ့ပိုင်းမြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို ကိုးကန့်တပ်နဲ့ တော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ထားပြီး ၈ လကြာအကျော်မှာ စစ်ကောင်စီကို ပြန်လည် လွှဲပြောင်းပေးခဲ့ရတာပဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။