ရွှေဖီမြေ၊ ဇွန်လ ၂၄ ရက်၊ နောင်ချို
ဒီနေ့ ဇွန်လ ၂၄ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ပွဲပြင်းထန်နေတဲ့ နောင်ချိုမြို့အနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတယ်လို့ မြေပြင်ရှိ သတင်းအရင်းမြစ်တွေက ပြောပါတယ်။
အခုလို ဗုံးကြဲတာဟာ စစ်ကောင်စီတပ်ဘက်က အထိအခိုက်များနေတာကြောင့် ဗုံးလာကြဲနေတာလို့ ဆိုပါတယ်။
“မနက်က ဂျက် ၂စီးလာတယ်။ ပြီးတော့ Y12 တစ်စီးလာတယ်။ ဆက်တိုက်ကြဲသွားတယ်။ ကြဲတာက လုံဝယ်နားတစ်ဝိုက်ပဲ။ အဲမှာ အခု သူတို့ အထိအခိုက်များနေလို့ လာကြဲနေတာ”လို့ ဆိုပါတယ်။
မနေ့က တိုက်ပွဲပြင်းထန်နေတဲ့ အုမ္မတီးဘက်မှာတော့ လက်ရှိ တိုက်ပွဲငြိမ်သက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အားထောင်ချီသုံးပြီး ထိုးစစ်ဆင်လာရာကနေ နောင်ချိုမြို့အနီးကို ရောက်ရှိလာချိန် တော်လှန်ရေးတပ်တွေက အပြင်းအထန်ပြန်လည်ခုခံနေကြလို့ စစ်ကောင်စီဘက်က အထိအခိုက်များနေတာလို့ ဆိုပါတယ်။
လက်ရှိ ပြင်းထန်နေတဲ့ နောင်ချိုမြို့တိုက်ပွဲအသံကို ကျောက်မဲမြို့ထိ ကြားနေရပြီး နောင်ချိုရှိ ဒေသခံတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။