ပို့လဘား၊ ဇူလိုင် ၅ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့ကနေ တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်ဘက်ကို ကုန်ပစ္စည်း သယ်ယူရာမှာ စစ်ကောင်စီတပ်က စစ်ဆေးတင်းကြပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်ကစပြီး မူဆယ်မြို့အထွက် ပန်ခမ်းဂိတ်မှာ စစ်ကောင်စီတပ်က နမ့်ခမ်းဘက်ကို စားသောက်ကုန်၊ စက်ပစ္စည်းနဲ့ ကုန်ပစ္စည်းတချို့ကို သယ်ယူခွင့်မပြုဘဲ တင်းတင်းကြပ်ကြပ်စစ်ဆေးနေတာတွေ ပြုလုပ်နေတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။
“သူတို့စစ်ချင်တဲ့ကားတွေပဲစစ်တယ်။ နေ့တိုင်းပစ္စည်းတင်နေတဲ့ကားဆရာတွေဆို သူတို့စစ်တယ်။ တစ်ချို့ကားဆရာတွေက ပစ္စည်းများရင် မတင်ရဲတော့ဘူး။ သူတို့အခွန်တောင်းတာများလို့ အဝတ်အအစားအသစ်တွေတောင် သူတို့ပေးမတင်ဘူး။ တစ်ချို့က ဆိုင်ကယ်နဲ့ပဲ သယ်တော့တယ်။ ကားဆရာတစ်ချို့ကလည်း သူတို့တောင်းတဲ့ ပိုက်ဆံပေးပြီး တင်တယ်” လို့ ဆိုပါတယ်။
မူဆယ်မြို့မှာရှိတဲ့ ကျားဖျန်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်မှာ လိုက်လံဖမ်းဆီးနေတာဖြစ်တဲ့အတွက်ကြောင့် အခုလို စစ်ဆေးတင်းကြပ်နေတာ ဖြစ်နိုင်တယ်လို့ နောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။
“အဲဒီပန်ခမ်းဂိတ်မှာ သူတို့ပစ္စည်းပေးမတင်တော့ဘူး။ ကျားဖျန်တွေဖမ်းနေတာဆိုတော့။ အဲဒီကုန်ပစ္စည်းတင်တဲ့ကားတွေထဲမှာ ကျားဖျန်တွေပါမှာစိုးလို့ အခုလိုပေးမတင်တော့တာ။ “လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်ကလည်း မူဆယ်မြို့အထွက် ပန်ခမ်းဂိတ်ကနေ နမ့်ခမ်းဘက်ကို စစ်ကောင်စီတပ်က ကုန်ပစ္စည်းသယ်ယူခွင့်ကို ပိတ်ပင်ထားတဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။