လွေးထွေး၊ မေလ ၂၅ ရက်၊ ပြင်ဦးလွင်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ နေရာတချို့ မြေယာစီမံကိန်းထဲ ပါတယ်ဆိုပြီး စစ်ကောင်စီတပ်က လိုက်ဖျက်နေတယ်လို့ ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။
မေလ ၂၂ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့အပါအဝင် ဌာနဆိုင်ရာလူ ပါဝင်တဲ့အဖွဲ့ဟာ ပြင်ဦးလွင်ရှိ ကုန်းဘောနဲ့ မဟာအောင်မြေရပ်ကွက်က လမ်းဘေးမီးတိုင်အပါအဝင် ခြံခတ်ထားတဲ့ အုတ်တံတိုင်း ၁၀ ခုလောက်ကို မြေဂေါ်စက်နဲ့ လိုက်ဖျက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒေသခံ အမျိုးသမီးက “စည်ပင်တွေ ပြောတာတော့ ကျန်တဲ့နေရာတွေရော ဖြည်းဖြည်းချင်း ဖျက်သွားမယ်ပေါ့။ ဟိုတခါက ဆေးအနီနဲ့ လိုက်ခြစ်ထားတဲ့ အိမ်တွေလည်း ဖျက်မယ်ပြောတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ကျန်ရှိနေသေးတဲ့ အနီးစခန်း၊ မိုးကြိုး၊ အင်းထိပ်ဦး၊ ပွဲကောက်၊ ကြီးကိုင် စတဲ့ရပ်ကွက်တွေလည်း ထပ်ပြီး ဖျက်သွားမယ်လို့ ဒေသခံတွေက ပြောဆိုကြပေမဲ့ ရွှေဖီမြေက သီးခြားအတည်မပြုနိုင်သေးပါဘူး။
နောက်ထပ် ဒေသခံတစ်ဦးက “ရပ်ကွက်ထဲ ကြားမိတာက စစ်တပ်က အဲနေရာတွေမှာ စီမံကိန်း အဆောက်အဦးတစ်ခုခု လုပ်ဖို့ရှိလို့တဲ့။ ပြီးရင် အဲမြေတွေက အရင်ကတည်းက အစိုးရ ပိုင်တာတဲ့။ ပွဲစားတွေက ကျူးကျော်ပြီး အကွက်ရိုက် လိမ်ရောင်းနေတာတဲ့။ အဲဒါကြောင့် ဖျက်ရတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ နောက်ဆုံးအပတ်ကလည်း ရေချမ်းအိုးရွာအနီးရှိ အုတ်တံတိုင်း ခတ်ထားတဲ့ ခြံနဲ့ အိမ်တွေကို အများပိုင်နေရာနဲ့ မကင်းလို့ဆိုပြီး စစ်ကောင်စီ လက်အောက်ခံ ဆောက်လုပ်ရေးဌာနက ဘူဒိုဇာနဲ့ ထိုးဖျက်ခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။