မိုင်းရူပ၊ ဇွန်လ ၂၂ ရက်၊ နောင်ချို
ရှမ်းမြောက် နောင်ချိုမြို့နယ် သံဘိုကျေးရွာကို ၂၄ မိနစ်အတွင်း စစ်ကောင်စီတပ်က Y-12 လေယာဉ် အသုံးပြုပြီး ဗုံးအလုံး ၅၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇွန်လ ၂၁ ရက် ည ၁၀ နာရီ ၁၈ မိနစ်ကနေ ၁၀ နာရီ ၄၂ မိနစ်အထိ သံဘိုရွာထဲ စစ်တပ်က ဗုံးအလုံး ၅၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ရာ လူထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ ဆိုပါတယ်။
“Y-12 နဲ့ လာကြဲတာ ဗုံးအလုံး ၅၀ လောက်ရှိမယ်။ သံဘိုကျေးရွာအနီးတစ်ဝိုက်မှာ ပတ်ကြဲတာ။ လူအထိအခိုက်တော့ မရှိဘူး” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
နောင်ချိုမြို့အနီးရှိ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွှေသွန်း၊ လုံဝယ်၊ အုမ္မသီးနဲ့ ဆမ္မဆယ်ရွာ စတဲ့ကျေးရွာတွေမှာတော့ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့အကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက် ညသန်းခေါင် ၁၂ နာရီဝန်းကျင်ကလည်း နောင်ချိုမြို့နယ် ကံကြီးရွာထဲ ဂျက်လေယာဉ်နဲ့ ဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်ဟာ ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နောင်ချိုမြို့ကို ပြန်ထိန်းချုပ်ဖို့ အုမ္မတီးနဲ့ တောင်းခမ်းရွာဘက်ကနေ ထိုးစစ်ဆင် တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။
ဇွန်လ ၂၀ ရက် တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ကြီး ၁၄၄ လုံးနဲ့ ဒရုန်းအသုံးပြုပြီး ဗုံး ၃၁ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မနေ့ ဇွန်လ ၂၁ ရက်မှာ တအာင်းတပ်က ထုတ်ပြန်ထားပါတယ်။
စစ်တပ်ဘက်ကတော့ နောင်ချိုမြို့နယ်က တိုက်ပွဲနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။